မေတ္တာ စက်တင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သော ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး ပြန်လည်သက်သာလာသူတစ်ဦး၏ ပြောကြားချက် ရင်တွင်းစကားသံများကို အား အောက်ပါအတိုင်း ဖော်ပြပေးပါသည်-
စောထိုဘီး အမှတ်(၁) ရပ်ကွက်၊ ထီးခီးလမ်းဆုံ၊ မေတ္တာမြို့
ကျွန်တော်နာမည် စောထိုဘီးလို့ ခေါ်ပါတယ် အမှတ်(၁)ရပ်ကွက်၊ မေတ္တာ-ထီးခီးလမ်းဆုံမှာ နေထိုင်သူ တစ်ဦးဖြစ်ပါတယ်။အသက် (၆၁) နှစ်ရှိပါပြီ။ နေ့စဉ်ကိုယ်ပိုင် ဥယျဉ်ခြံ လုပ်ငန်းနှင ရပ်ရေး၊ ရွာရေးများတွင် ပူးပေါင်းဆောင်ရွက်နေသူ ဖြစ်ပါတယ်။
အိမ်မှာ မိသားစုဝင်(၇)ဦးနေထိုင်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကုန်လောက်က ရပ်ကွက်အတွင်း ကိုဗစ်-၁၉ Positive ဖြစ်နေသော လူနာများနေအိမ်နှင့် Stay Home နေထိုင်သော မိသားစု နေအိမ်များသို့ ကိုဗစ်ကာကွယ် ရေးစည်းကမ်းချက်များနှင့်အညီ အခြေခံ စားသောက်ကုန် ပစ္စည်းများ သွားရောက်ထောက်ပံ့ခဲ့ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
ဘယ်ကနေဘယ်လို ကူးလာမှန်းမသိတဲ့ ရောဂါပိုးဟာ ဩဂုတ်လ ၆ ရက်နေ့ကစပြီး အဖျားနည်းနည်း ဝင်လာတယ်။ ကိုယ့်ကိုကိုယ် ကိုဗစ်ရောဂါဖြစ်နေတယ်လို့ မထင်ခဲ့ပါ။ ဆေးမြီးတိုတွေနဲ့ မှီဝဲခဲ့တယ်။ ၂ ရက်လောက်ကြာတော့ ချောင်းဆိုးပြီး နှာစည်းလာတယ်။ လည်ချောင်းလည်းနာတယ်။ အနံ့ပါ ပျောက်သွားတယ်။ အနံ့ခံလို့ မရဖြစ်မှ ကိုယ့်ကိုကိုယ် သံသယဖြစ်လာတယ် ဒါနဲ့သက်ဆိုင်ရာကို အကြောင်းကြားပြီး ဆာဒိုဝါး ဆေးခန်းသွား ပြတော့ ရောဂါပိုးတွေ့တယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း မိမိနေအိမ်မှာ ပဲဆေး ဝါကုသမှုခံယူတယ်။ ကော်မတီဝင်များက အခါအားလျော်စွာ လာရောက်နှိမ့်သိမ့်ပေးပြီး အခြေခံစား သောက်ကုန်များ ထောက်ပံ့ကူညီတယ်။ အောက်စီဂျင်ကျတာ မရှိတော့ အောက်စီဂျင် မရှူခဲ့ရပါဘူး၊ ချောင်းဆိုးရင် ချွဲတွေက ပုံမှန်ချောင်းဆိုးပြီး ချွဲထွက်တာထက် ချွဲတွေတအား ထွက်တယ်။ နည်းနည်းမောတယ်။ အသက်ရှူလေ့ကျင့်ခန်းလည်း လုပ်တယ်၊ အားရှိတဲ့ အစားအစာတွေ စားပါတယ်၊ ကိုယ့်အိမ်မှာ နေပြီးဆေးဝါး ကုသမှုခံယူရတဲ့အတွက် အားငယ်တာတို့ စိတ်ဓာတ်ကျတာတို့ မဖြစ်တော့ဘူးပေါ့။
အတူနေမိသားစုများထဲက ကျွန်တော့အမျိုးသမီးတစ်ယောက်ပဲ ရောဂါပိုး စစ်ဆေးတွေ့ ရှိတယ်။ သူကတော့ ကျွန်တော့လိုမဖြစ်ဘူး။ အနံ့ပျောက်ရုံပဲ၊ ဖျားလည်းမဖျား၊ ချောင်းလည်း မဆိုးဘူး နှာစည်းတာတို့ လည်ချောင်း နာတာတို့ မဖြစ်ဘူး။ အိမ်မှာ Home Quarantine အဖြစ် (၁၄) ရက် နေထိုင်ရပါတယ်၊ ကာကွယ်ဆေး မထိုးရသေးပါဘူး၊ ပိုးတွေ့ပြီးသူကို သီးခြား ထပ်ထိုးပေးမယ်သိရတော့ ထိုးခွင့်ရတဲ့အခါထိုးမှာပါ။ အခုတော့ ပုံမှန်နေ့စဉ် လုပ်ငန်းတွေ ပြန်လုပ်နေပါပြီ၊ မောတာမျိုးလည်း မရှိပါဘူး၊ ဒါပေမယ့် ရေအေးမချိုး ရဲသေးပါ။ ရေအေးချိုးလိုက်ရင် ရောဂါပြန်ဖြစ်နေသလိုခံစားရတယ်။ ဒါက ကိုဗစ်၁၉ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးလို့ ကျွန်တော်ထင်ပါတယ်။ Stay Home နေထိုင်စဉ် ကောမတီဝင်များ၊ စေတနာ့ဝန်ထမ်းများနဲ့ အလှူရှင်များကို ကျေးဇူးတင်ပါ တယ်လို့ စောထိုဘီးက ပြောပါသည်။
နန်းခလိုက် (မေတ္တာ)