ပင်လောင်း စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ယနေ့ နံနက်ပိုင်းက ကံလှကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြည်သူများအား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်းလောင်းမြို့အတွင်းရှိ ရပ်ကွက် ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂ အုပ်စုအတွင်းရှိ အသက် ၅၅ နှစ် မှ ၆၅ နှစ်ကြား မိဘပြည်သူများနှင့် ဦးစားပေး အုပ်စုများအလိုက် ပါ၀င်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအသုတ်) ပထမအကြိမ် ထိုးနှံပေးခြင်းအား အ.ထ.က တလိုင်းမကျောင်းတွင် ယမန်နေ့က ပြည်သူ ၂၇၅ ဦးကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါလုပ်ငန်းအား မြို့အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ပေါင်းလောင်း တိုက်နယ်ဆေးရုံမှ ကျန်းမာရေး၀န်ထမ်းများမှ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများအား သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန်တိုင်း တာပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးပြီး ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထွန်းလင်း (ပင်လောင်း)