ရွှေပြည်သာမြို့နယ်တွင် ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ရွှေပြည်သာ စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်)  မထိုးနှံရသေးသည့်   ရပ်ကွက်များမှ အသက်(၆၅)နှစ်အထက် အဘိုးအဘွားများနှင့် Volunteer များ၊ စက်ရုံ၊ အလုပ်များမှ ဝန်ထမ်း များ၊ အသက်(၅၅)နှစ်အထက် ပြည်သူများ၊ နာတာရှည်  ရောဂါရှိသူများနှင့် မသန်စွမ်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံ၊ စက်မှုဇုံ၊ အမှတ်(၁၆)ရပ်ကွက်ရှိ အမှတ်(၃၇)အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် လှော်ကားကျေးရွာ၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ ဦးဆောင်မှု မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာ မြတ်မြတ်နှင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်း များက ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ သည်။

ထိုသို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်  အမှတ်(၁၆)ရပ်ကွက်မှ  အသက်(၅၅)နှစ် အထက် ပြည်သူ(၂၇၈)ဦး၊ လှော်ကားကျေးရွာမှ အသက် ၆၅ နှစ်အထက် အဘိုးအဘွား(၆၃)ဦး၊  အသက် (၅၅)နှစ်အထက် ပြည်သူ(၁၈၉)ဦး၊ ကျောင်းကုန်း ကျေးရွာမှ  အသက်(၅၅)နှစ်အထက်  ပြည်သူ(၅၉)ဦး၊ ပြည်သူ့ဆေးရုံတွင် (၆၅)နှစ်အထက် ဘိုးဘွား(၅၄)ဦး၊ Volunteer (၉)ဦးနှင့် စက်မှုဇုံမှ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း(၁၁၆၂)ဦးတို့အား ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆေးထိုးရန် လာရောက်ကြသည့် ဘိုးဘွားများနှင့်  ပြည်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက  သတ်မှတ်နေရာများသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊  လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေး ဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းပေးခြင်း၊ အောက်ဆီဂျင်တိုင်းပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျ  ဆောင်ရွက်ပေးပြီး  ပုံမှန်အခြေအနေရှိသူများကို ကာကွယ်ဆေး များ ထိုးနှံပေးခဲ့ကြသည်။

ရွှေပြည်သာမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာလ ၂၂ ရက်နေ့ အထိ (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း (၁၇၂၁၄)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

အေးမိုး (ပြန်/ဆက်)