အောက်ဆီဂျင်စက်ထားရှိရန် အဆောက်အဦး ဆောက်လုပ်မှုတွင် အသုံးပြုရန်အတွက် အလှူငွေများနှင့် ဘိလပ်မြေအိတ်များလာရောက်လှူဒါန်း

ပင်လောင်း   စက်တင်ဘာ   ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် Oxygen Plant ရောက်ရှိလာပါက ထားရှိရန် အဆောက်အဦးကို မြို့နယ်ပြည်သူ့ ဆေးရုံ၀င်း မြေကွက်လပ်တွင် ဆောက်လုပ်လျက်ရှိရာ လိုအပ်သည့်ပစ္စည်းများ၀ယ်ယူရန် အလှူငွေများနှင့် ဘိလပ်မြေအိတ် များကို ယမန်နေ့က အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။

ပင်လောင်းမြို့ စျေးတန်းရပ်ကွက်မှ ဦးထွန်းလှိုင် မိသားစုက အလှူငွေ ကျပ်(၁၀)သိန်း၊ ပင်လောင်းမြို့ ရုံး၀င်း ရပ်ကွက်မှ ကိုညီညီ (စက်ပစ္စည်းမျိုးစုံ ရောင်း၀ယ်ရေး)မိသားစုက အလှူငွေ ကျပ်(၁၀)သိန်း၊ တီကျစ်မြို့ နဂါးဘိလပ်မြေစက်ရုံမှ ဘိလပ်မြေအိတ်(၁၀၀)အိတ် တို့အားပင်လောင်းမြို့နယ် ဆေးရုံသို့ လာရောက်လှူဒါန်း ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦး ပြီးစီး၍ အောက်ဆီဂျင်စက် ထားရှိပြီး အောက်ဆီဂျင်ထုတ်လုပ်နိုင်ပါက တစ်နေ့လျင် ၄၀လီတာဆန့် ဆလင်ဒါအိုး(၁၅) လုံးခန့်ထုတ်လုပ် ပေးနိုင်မည်ဖြစ်ပြီး ပင်လောင်းမြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံ လေးရုံတွင်တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော လူနာများအတွက် အောက်ဆီဂျင် လိုအပ်လာပါက အဆင်ပြေလွယ်ကူစွာအသုံးပြုနိုင်ပြီး များစွာအကျိုး ဖြစ်စေနိုင်ကြောင်းသိရှိရသည်။

ထွန်းလင်း (ပင်လောင်း)