ရန်ကင်း စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း၌ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးမှုများ၊ အသက် (၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက် များအား ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အတွင်း ရှိရပ်ကွက်များအတွင်းလှည့်လည် အသိပေးနှိုးဆော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ဦးစားပေးအဆင့်အလိုက် ထိုးနှံပေး လျက်ရှိရာ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်များတွင် စာရင်းပေးရမည့်သူများထံ၌ စာရင်းပေးသွင်းပြီး ဆေးထိုးပေးမည့် နေ့ရက်နှင့် သတ်မှတ်နေရာတွင် ကာကွယ်ဆေး ထိုးနှံနိုင်ကြောင်း၊ ဆက်လက်၍ အသက်(၅၅)နှစ်မှ (၆၄)နှစ် အတွင်းရှိ ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေး အသိပေးနှိုးဆော်ခြင်း၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများက ဒုတိယအကြိမ်ကို သတ်မှတ်ရက်များအလိုက် ထိုးနှံပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီးသူများ အနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ သွားလာ နေထိုင်နိုင်ရေး သတိပြုလိုက်နာဆောင်ရွက်ရေးတို့ကို ပြည်သူများ သိရှိနေစေရန် အသိပညာပေးနှိုးဆော်ပြီး ပြည်သူများက ပူးပေါင်း ဆောင်ရွက်မှသာ ရောဂါကူးစက် ပြန့်ပွားမှု လျော့နည်းလာမည်ဖြစ်သည့်အတွက် ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုက်တွန်း နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)