ဗန်းမော်မြို့တွင် “ ပန်းခင်း ” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ကွင်းဆင်းဆောင်ရွက်ပေး

ဗန်းမော် စက်တင်ဘာ ၂၄

ကချင်ပြည်နယ် ဗန်းမော်တွင် ဒေသခံပြည်သူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဗန်းမော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့နံနက် ၉ နာရီက ဗန်းမော်မြို့ အလယ်ရပ်ကွက်ရှိ ရွှေကျောင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဗန်းမော်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဘောက်နော်နှင့်ဝန်ထမ်းများက “ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ဆောင်ရွက်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း (၁၆)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်းအသစ် ဆောင်ရွက်ပေးခြင်း၊ မွေးတိုးများဖြည့်သွင်းပေးခြင်းနှင့် သေဆုံး စာရင်းများကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ပေးခြင်း၊ အိမ်ထောင်စုလဲလှယ်ပေးခြင်းစသည့် အိမ်ထောင်စု(၁၂)စုတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဘုန်းမော်မိုးနှင့်အဖွဲ့က ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူများအား “ပန်းခင်း”စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။