မိုင်းယောင်းမြို့နယ်၌ ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ အရေးပေါ်လူနာတင်ယာဉ် တစ်စီး ဝယ်ယူရန် အလှူငွေများ ပေးအပ်လှူဒါန်း

မိုင်းယောင်း စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကြက်ခြေနီတပ်ဖွဲ့သို့  အရေးပေါ်လူနာတင်ယာဉ်တစ်စီး ဝယ်ယူရန်အတွက် အလှူငွေများကို စေတနာရှင်၊ အလှူရှင်များက ယမန်နေ့တွင် ပေးအပ်လှူဒါန်းကြောင်း သိရသည်။

Sunday သူငယ်ချင်းများအဖွဲ့မှ အလှူငွေကျပ် ၁၂ သိန်း၊ ဆစ်ဆမ်နွံ့အဖွဲ့မှ အလှူငွေကျပ် ခြောက်သိန်း မတည်လှူဒါန်းငွေနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေများဖြင့် အရေးပေါ်လူနာတင်ယာဉ်တစ်စီး ထပ်မံဝယ်ယူလိုက်ပြီဖြစ်ရာ ယခုအခါ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၊ မတော်တဆမှုနှင့် သဘာဝဘေး ဖြစ်ပွားချိန်တွင် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ပိုမိုစောင့်ရှောက် ကူညီပေးနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက ပြောသည်။

ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အတည်ပြုလူနာများအား ဆေးကုသမှုခံယူနိုင်ရန် ယာယီဆေးကုသဆောင်သို့ ပို့ဆောင်ပေးခြင်း၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူများအား အိမ်တိုင်ရာရောက် ပြန်လည် ပို့ဆောင်ပေးခြင်း၊ အရေးပေါ် သွေးလိုအပ်နေသူများအတွက် သွေးလှူဒါန်းပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးဖျန်းခြင်း လုပ်ငန်းများ စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)