“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်

ဟိုပန်   စက်တင်ဘာ    ၂၄

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အဆိုပါတိုင်းရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ရှေးဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်ကနိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဒေသတွင်း ဝမ်းစာဖူလုံရေး၊ စားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးရေးဌာနမှကွင်းဆင်း၍ တောင်သူများနှင့်တွေ့ဆုံ ကြပ်မတ်ဆောင်ရွက်ရန်၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်  အလားတူကွင်းဆင်းဆောင်ရွက်ရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍတို့တွင် လိုအပ်မည့်အရင်းအနှီးများ ကိုချေးငွေရရှိရေးသက်ဆိုင်ရာ သမဝါယမဦးစီးဌာနှင့် ပေါင်းစပ်ဆောင်ရွက်ရန်၊ လမ်း၊ တံတား၊ ရေရရှိရေးတို့အတွက် သက်ဆိုင်ရာဌာနများက ကွင်းဆင်း၍ လိုအပ်ချက်များကို တင်ပြဆောင်ရွက်ကြရန်၊ ပန်းခင်းစီမံချက် သတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် ပေါင်းစပ်ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။

ထို့နောက် စီမံကိန်းရေးဆွဲရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်၂၀၂၁ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ(၆)လအတွက် ဌာနအလိုက်လုပ်ငန်းများ လျာထားချက်ကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက် လာသည့် ဌာနများက မိမိတို့ဌာနအလိုက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။တင်ပြ ချက်များနှင့်ပတ်သက်၍ ဥက္ကဌဦးညီနပ်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး လုပ်ငန်းများခွင့်ပြုလာပါက သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက်
ကော်မတီအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)