နမ့်စန်(တ) စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် ၁ နာရီချိန်၌ အမှတ်(၄) ရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ်ရှိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး အား ခွဲစိတ်၍ အောင်မြင်စွာကလေးမွေးဖွားပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှသိရသည်။
နမ့်စန်ပြည်သူ့ဆေးရုံမှာ ကိုဗစ်ရောဂါအတည်ပြု ကိုယ်ဝန်ဆောင်တွေကို ခွဲမွေးပေးနိုင်ခဲ့တာ ဒီတစ်ယောက်နဲ့ဆိုရင် ၅ ယောက်ရှိသွားပါပီ ၊ အရင် ၄ ယောက်ကတော့ ကိုဗစ်-၁၉ရောဂါ စစ်ဆေး တွေ့ရှိလို့ ဆေးရုံမှာ ကုသပေးနေရင်း ခွဲမွေးပေးရတာပါ၊ ဒီနေ့ခွဲမွေးပေးရတဲ့ တစ်ယောက်ကတော့ ကလေးမမွေးနိုင်လို့ မနေ့ကည ၁၁ နာရီ ကျော်ကျော်လောက်မှာဆေးရုံကိုလာပြတယ်၊ အရေးကြီး လူနာ ဖြစ်တဲ့အတွက် ကိုဗစ်-၁၉ရောဂါရှိ/မရှိကို RDT Test Kit နဲ့ စစ်လိုက်တော့ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိရတယ်၊ စစ်ဆေးပြီးတာနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး မနက် ၁နာရီမှာ ခွဲစိတ်မွေးဖွားပေးခဲ့ပါတယ်၊ ယောင်္ကျားလေး မွေးဖွားပါတယ်၊ ကလေးကော အမေကော ကျန်းမာရေးကောင်းမွန်လျက်ရှိပါတယ်ဟု မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်က ပြောကြားသည် ။
နမ့်စန်မြို့တွင် စက်တင်ဘာလ ၂၃ ရက်နေ့ နေ့လည်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၀၅၄ ဦး ရှိပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြုသူ ၈၆၁ ဦး နှင့် ဆေးရုံတွင်သေဆုံးသူ ၁၆ ဦးအပါအဝင် စုစုပေါင်း သေဆုံးသူ ၃၆ ဦး ရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ဆေးရုံမှ သိရ သည်။
မြို့နယ် (ပြန်/ဆက်)