ကမမောင်းမြို့အနီးရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကာကွယ်ဆေး ထိုးနှံနိုင်ကြစေရေး စကောကရင်၊ မြန်မာဘာသာစကားတို့ဖြင့် အသိပေးနှိုးဆော်

ကမမောင်း စက်တင်ဘာ ၂၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများနှင့် လူသေဆုံးမှုများ ရှိလာသဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြစေရေးအတွက် မြန်မာဘာသာအပြင် စကောကရင် ဘာသာ​ဖြင့်ပါ အသိပညာပေး နှိုးဆော်မှုများအား  လက်ကိုင်စပီကာ အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်က မြို့နှင့်နီးသည့် ကျေးရွာများသို့ သွားရောက်၍ လှည့်လည်နှိုးဆော်ခဲ့ ကြောင်း သိရသည်။

အဆိုပါ လှည့်လည်အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ လက်ရှိအခြေအနေတွင် အရေးအကြီးဆုံးအချက်မှာ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန် သို့မှသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ မဖြစ်မနေ အိမ်ပြင်ပသို့ ထွက်ခွာမည် ဆိုပါက သက်ဆိုင်ရာရပ်ကွက်များ၏ နေအိမ်ပြင်ပ ထွက်ခွာသည့် လက်မှတ်ဖြင့် တစ်အိမ်ထောင်လျှင် မိသားစုဝင် တစ်ဦးသာ သွားလာကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှ လာသော ဧည့်သည်များကို လက်မခံကြရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ကြပါရန်၊ အခြားသူများနှင့် အနည်းဆုံး (၆)ပေအကွာမှ ခပ်ခွာခွာ နေထိုင်ကြပါရန် (Mask)မတပ်သူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်း များမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးပါ၊လက်ကို မကြာခဏဆ ေးကြောကြပါရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ အများတကာနှင့် တွေ့ဆုံပြီး တိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊ အပြင်က ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့် စင်ခြင်းမပြုလုပ်ရသေးမီ အိမ်သားများ နှင့် အနီးကပ်မထိတွေ့ကြပါရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီအသက် အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါ ပိုးကူးစက်ခံရသည်ဟု သံသယရှိပါက အိမ်တွင်ကြိတ်ပြီး ဆေးကုသမှုမျိုး မပြုလုပ်ရန်၊ နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အနေဖြင့် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန်နှင့် မိမိနှင့် ်မိမိတို့ မိသားစုများအတွက် မဖြစ်မနေ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြရန်၊ ဆေးထိုးစုရပ်များနှင့် ဆေးထိုးရမည့် နေ့ရက်များကို အသိပေး တိုက်တွန်းနှိုးဆော်ခဲ့ကြ သည်။

ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံကြစေရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ပတ်ဝန်းကျင်ကျေးရွာများသို့ သွားရောက်၍ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

လင်းသန့် (ပြန် / ဆက်)