ညောင်ဦး စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး ခရီးစဉ်ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ Safe Service Training ဆင့်ပွားသင်တန်းများကို စနစ်တကျဖွင့်လှစ်လျက်ရှိရာ ယနေ့အထိ ဖွင့်လှစ်လျက်ရှိသော အဆိုပါ သင်တန်းသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြာင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ရှေးဟောင်းယဉ်ကျေးမှုမြို့တော်၊ ညောင်ဦး၊ ပုဂံမြို့ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကိုဗစ်-၁၉ ရောဂါ Safe Service Training သင်တန်းများကို စနစ်တကျ ဖွင့်လှစ်သင်ကြား ဆွေးနွေးပေးလျက်ရှိရာ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ ရွှေတိဂုံစေတီတော်ကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၁၀ ဦးကို သင်တန်းတစ်ခုလျှင် ၃၀ ဦးတို့အား Online စနစ်ဖြင့် သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် TOT သင်တန်းဆင်း ဆရာ/မများအနေဖြင့် မိမိတို့အသင်းအဖွဲ့များအား ဆင့်ပွားသင်တန်းများကို ပြန်လည်ပို့ချရန် စီစဉ်ထားပြီးဖြစ်ရာ (TOT) သင်တန်းဆင်း ဆရာ/မများအနေဖြင့် ဝန်ကြီးဌာနမှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ သင်တန်းများကို စနစ်တကျ ပို့ချပေးလျက်ရှိပြီး သင်တန်းဖွင့်လှစ်နိုင်ရေး ခွင့်ပြုချက်ရရှိ၍ သင်တန်းဖွင့်လှစ်ခြင်း၊ သင်တန်းဆင်း သင်တန်းသား/သူများအား အရည်အချင်းစစ်ဆေးခြင်း၊ သင်တန်းဆင်းလက်မှတ် ထုတ်ပေးခြင်း စသည့်လုပ်ငန်း စဉ်တိုင်းတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ လိုအပ်ချက်များအားလုံး အတွက် တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးနှင့် ပုဂံရုံးခွဲတို့အား စဉ်ဆက် မပြတ် ဆက်သွယ် ဆောင်ရွက်စေလိုကြောင်းတို့အား တာဝန်ရှိသူများက ပြေကြားခဲ့သည်။
ပုဂံခရီးစဉ်ဒေသအတွင်း ခရီးစဉ်အသစ်များဖော်ထုတ်ရန် လုပ်ငန်းများအပြင် ဘေးကင်းလုံခြုံသည့် ခရီးစဉ်တစ်ခုအဖြစ် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိနေရာ ကိုဗစ်-၁၉ ရောဂါ Safe Service Training ဆင့်ပွားသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ သိရသည်။
ကိုထိန်၊KPD