နမ္မတူမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျဈေးအား ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ကန့်သတ်အချိန်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြု

နမ္မတူ စက်တင်ဘာ ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် မြို့မဈေးကော်မတီတို့၏ ဆွေးနွေးဆုံဖြတ်ချက်အရ ဒေသခံပြည်သူများ စာဝတ်နေရေးအဆင်ပြေစေရေးအတွက် မြို့မဈေးနှင့် ယာယီပျံကျဈေးအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းမှစတင်ကာ ကန့်သတ်အချိန်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ဖွင့်လှစ်ရောင်းချခွင့်ပြုဆောင်ရွက်ရာမှာ ပန်ဟိုက်ရပ်ကွက် (၆)ရှိ ယာယီပျံကျဈေးအား နံနက် (၄)နာရီမှ နံနက် (၈)နာရီအချိန်ထိလည်းကောင်း၊ မြို့မဈေးကြီးအား နံနက် (၅)နာရီခွဲမှ မွန်းတည့် (၁၂)နာရီအချိန်ထိလည်းကောင်း ကန့်သတ်အချိန်ဖြင့် ဖွင့်လှစ်ရောင်းချခွင့်ပြုခြင်း ဖြစ်ပြီး ဒေသခံပြည်သူ  ဈေးရောင်းသူ/ဝယ်သူတို့အား ဈေးအတွင်းသို့မဝင်မီ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ပါစပ်နှင့်နှားခေါင်းစည်း(Mask)များ တပ်ဆင်စေခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် မြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင် ဈေးရောင်းချလျက်ရှိသော ဒေသခံပြည်သူ ဈေးရောင်းသည့် ဆိုင်ခန်းရှင်များ အနေဖြင့် ဈေးဆိုင်ခန်းဧရိယာမှ ကျူးကျော်ရောင်းချခြင်း မပြုရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ရောင်းချရန်၊ လိုက်နာမှုမရှိပါက ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ခေတ္တအမှုဆောင်အရာရှိ ဒေါ်အေးမာဝင်းထံက သိရသည်။

နမ္မတူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့ပွားမှုလျော့နည်းစေရန်နှင့် ရောဂါကူးစက်မှုကို ထိထိရောက်ရောက်ကာကွယ်ရန်ရည်ရွယ်၍ အဆိုပါ မြို့မဈေးအား ဇူလိုင်လ (၁၁)ရက်နေ့မှ လည်းကောင်း၊ ယာယီပျံကျဈေးအား ဇူလိုင်လ(၁၇)ရက်နေ့မှလည်းကောင်း ခေတ္တယာယီ ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။

နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့နံနက်ပိုင်းအချိန်ထိ ကိုဗစ်-၁၉ပိုးတွေ့ရှိသူ ၅၆၆ ဦး ရှိရာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၄၂၀ဦးရှိကာ၊ ၁၆ဦး သေဆုံးခဲ့ပြီး ဆေးကုသဆဲပိုးတွေ့လူနာ ၁၃၀ ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လူမော် (ပြန်/ဆက်)