ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ဆက်လက် ထိုးနှံပေးလျှက်ရှိ

ငါ့သရောက်၊ စက်တင်ဘာ-၂၃

မန္တလေးတိုင်းဒေသကြီး၊ ‌ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ ခြင်းကို၊ ဦးစားပေးအုပ်စုများဖြစ်သော သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊သာသနာ့ဝန်ထမ်းများ၊နိုင်ငံဝန်ထမ်းများ၊ မသန်မစွမ်း သူများနှင့် နာတာရှည်ရောဂါရှိသူများနှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို ယမန်နေ့ နံနက်(၈)နာရီမှစတင်၍ ငါ့သရောက်မြို့ ပြည်သူ့ဆေးရုံတွင် ဆက်လက် ထိုးနှံပေးကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကျန်းမာရေး ဌာန၏လမ်းညွှန်ချက်များနှင့်အညီ၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်းချိန် တိုင်းတာခြင်း၊အောက်စီဂျင်တိုင်းတာခြင်းနှင့် ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများ ကို ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်ဦးစီး ဌာန ဝန်ထမ်းများ၊ အခြားဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းကို စက်တင်ဘာ(၂၂)ရက်နေ့မှ (၂၈)ရက်နေ့အထိ ထိုးနှံပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဆေး (ပထမအကြိမ်) ထိုးနှံခြင်းကို စုစုပေါင်းလူဦးရေ (၁၄၂၀)ဦးထိုးနှံ ပေးခဲ့ပြီး၊ ယခု ဒုတိယအကြိမ်ထိုးနှံမှုတွင်လည်း ပထမအကြိမ်ထိုးနှံပြီးသူများ မကျန်ရှိအောင် ဆက်သွယ်ဆောင်ရွက်၍ ထိုးနှံ ပေးသွား မည်ဖြစ်ကြောင်း မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

 အေးအေးမိုး(ငါ့သရောက်)