ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၆၂၇၀)ဦး ထိုးနှံပြီးစီး

ညောင်ရွှေ      စက်တင်ဘာ    ၂၃

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးရသေးသည့် အသက်(၅၅) နှစ်နှင့် အထက် ရှိသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့တွင် သက်ဆိုင်ရာ စုရပ်များ အသီးသီး၌ ကွင်းဆင်းထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး လာရောက်ထိုးနှံသူပေါင်း (၆၂၇၀) ဦးရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ညောင်ရွှေမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပတ္တမြားခန်းမနှင့် အခြားသတ်မှတ်ထားသည့် ကျေးရွာအသီးသီးရှိ စုရပ်နေရာ များ၌ နံနက်ပိုင်းမှ စတင်၍ အသက်(၅၅)နှစ်နှင့်အထက်ရှိသူများ၊  ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေ သေးသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ စူပါမားကက်များ၊ ဈေးများမှ စည်ပင်သာယာဝန်ထမ်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆေးထိုးနှံပေးခဲ့‌သည်။ 

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအသင်းများမှ ပူးပေါင်းဆောင်ရွက် ခဲ့ရာ (၆၂၇၀)ဦး ထိုးနှံပြီးစီးခဲ့ကြောင်းနှင့် စက်တင်ဘာ(၂၂)ရက်နေ့တွင်လည်း ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

စိုင်းအယ်ဘဲ