ပုဗ္ဗသီရိမြို့နယ်တွင် အသက်(၅၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပုဗ္ဗသီရိ    စက်တင်ဘာ    ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အသက်(၅၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၀၉:၃၀ ချိန်တွင် နဝဒေးရပ်ကွက်၊ အ.ထ.က (၂၀) အခြေခံပညာအထက်တန်း ကျောင်း၌ ဆက်လက်ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ တပ်မတော် ဆေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက သတ်မှတ်ထားသည့် စုရပ်နေရာ များတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံရန် လာရောက် ကြသည့် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား သတ်မှတ်နေရာသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့အတူ ဖြုတ်ခွဲကျေးရွာ ကျေးလက်ကျန်းမာရေး ဆေးခန်းတွင်လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ပုဗ္ဗသီရိမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို (၁၅-၉-၂၀၂၁) ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့ထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူ စုစုပေါင်း (၅၂၅၆) ဦးကို ရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မျိုးသီဟ (ပြန်/ဆက်)