ကျိုင်းလပ် ဩဂုတ် ၁၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ မိုးဥတုအတွင်း သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားမှု လျော့နည်းစေရန် ကြိုတင်ကာကွယ်ရေးနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်ပိုင်း က ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက သက်ဆိုင် ရပ်ကွက်/ ကျေးရွာများအလိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိ သူများက မိုးရာသီအတွင်း ခြင်ကိုက်ခြင်းကြောင့် အဖြစ်များလေ့ရှိသော သွေးလွန် တုပ်ကွေးရောဂါသည် ကလေး/လူကြီး၊ ကျား/မ မရွေးဖြစ်ပွားနိုင်သောကြောင့် ကြိုတင်ကာကွယ် ရေးအနေဖြင့် မိမိအိမ်အနီးအနား ဝန်းကျင်တွင် ခြင်များမခိုအောင်းစေရန် ခြုံများအားခုတ်ထွင် ရှင်းလင်းစေခြင်း၊ ပိုးလောက်လန်းများ ပေါက်ဖွားမှု မရှိစေရန် ရေများတင်ကျန်နိုင်သော တာယာ စုတ်များ၊ အိုးခွက်၊ ရေပုံး၊ ရေခွက်စုတ်များကို ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် ဆောင်ရွက်ရန်နှင့် မိသားစုဝင်များ အသုံးပြုသည့် ရေအိုး၊ ရေစည်၊ ရေတိုင်ကီနှင့် သောက်သုံးရေကန်များကို ခြင်များ မခိုအောင်းနိုင်အောင် စနစ်တကျဖုံးအုပ်ထားရန် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ် ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ကျေးရွာ အုပ်စုများ၌ သက်ဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာများအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု လျော့နည်းစေရန် ကြိုတင် ကာကွယ်ရေးနှင့် အသိပညာပေးခြင်းများကို အပတ်စဉ် စနေနေ့တိုင်း ကြည့်ရှုစစ်ဆေး ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)