လားရှိုး ဩဂုတ် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့ ၊ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ များအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ တစ်ဆင့်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ (၁၅)ရက်နေ့တွင် နေရပ်ပြန် ပြည်သူအမျိုးသား (၁၂)ဦး ၊ အမျိုးသမီး(၇)ဦး စုစုပေါင်း (၁၉)ဦးတို့အား စနစ်တကျ ထပ်မံလွှဲပြောင်း ပို့ဆောင် ပေးခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၁၉)ဦး တို့တွင် ချင်းပြည်နယ်မှ(၂)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၉)ဦး၊ ၊ပဲခူးတိုင်းဒေသကြီးမှ (၁)ဦး ၊ မကွေးတိုင်း ဒေသကြီးမှ (၂)ဦး ၊ ဧရာဝတီတိုင်းဒေသကြီးမှ (၅)ဦး တို့ဖြစ်ကြပါသည်။ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ များအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ လွှဲပြောင်း ပို့ဆောင် ပေးရာတွင် မေလ(၆) ရက်နေ့မှ ဩဂုတ်လ( ၁၅) ရက်နေ့အထိ အမျိုးသား (၉၁၆၇)ဦး ၊ အမျိုးသမီး (၅၆၆၇) ဦး စုစုပေါင်း (၁၄၈၃၄) ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး (ပြည်နယ်၊ ပြန်ဆက်)