ရန်ကုန် စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ရရှိစေရေးအတွက် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲ တာကြီးရပ်ကွက်ရှိ လာဘမုနိပြည်လုံး ချမ်းသာဆုတောင်းပြည့်စေတီတော်ရှိ ဓမ္မာရုံ၌ ရပ်ကွက်နေပြည်သူများကို ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ၁၈ နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းမရှိသော မိသားစုများအား အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြသည်။
ဒလမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ အသက် (၁၀)နှစ်အထက်ရှိသူများနှင့် အသက်(၁၈)နှစ်ပြည့်မီသူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ အသစ် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု စာရင်းထဲသို့ မွေးတိုးမသွင်းရသေးသူများအား စာရင်းသွင်းပေးခြင်း၊ အိမ်ထောင်စုစာရင်းမရှိသော မိသားစုများအား အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းတို့ကို (၁၃.၅.၂၀၂၁) ရက်နေ့မှ (၂၁.၉.၂၀၂၁) ရက်နေ့အထိ ဆောင်ရွက်ပေးခဲ့ရာ (တိုင်းရင်းသား) အိမ်ထောင်စု လူဦးရေစာရင်းထုတ်ပေးမှုအနေဖြင့် ကျား ၅၂၃ ဦး၊ မ ၄၉၈ ဦး၊ အိမ်ထောင်စုပေါင်း ၃၂၂ စု၊ အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးမှုတွင် ကျား ၉၆ ဦး၊ မ ၈၇ ဦး၊ စုစုပေါင်း ၁၈၃ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးမှုတွင် ကျား ၃၂၁ ဦး၊ မ ၃၂၂ ဦး၊ စုစုပေါင်း ၆၄၃ ဦး တို့အား အသီးသီး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့အတူ (ဥပဒေအရ နိုင်ငံသား) အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးမှုတွင် ကျား ၉၀ ဦး၊ မ ၉၇ ဦး၊ စုစုပေါင်း ၁၈၇ ဦး၊ အိမ်ထောင်စုပေါင်း ၄၇ စု၊ အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးမှုတွင် ကျား ၆ ဦး၊ မ ၆ ဦး၊ စုစုပေါင်း ၁၂ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးမှုတွင် ကျား ၄၈ ဦး၊ မ ၆၇ ဦး၊ စုစုပေါင်း ၁၁၅ ဦး တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကျန်ရှိသော ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပြည်သူများအား ဆက်လက်၍ ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး၊ မိမိတို့မွေးဖွားရာဇာတိတွင် အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းမရှိသူများနှင့် ရွေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းကျော်