ကျိုင်းတောင်း စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ စားရေးသောက်ရေးခက်ခဲသော ပြည်သူများထံသို့ ဝေငှထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးနန်းဝင်း၊ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေး ဦးစီးဌာနမှ ဦးအောင်အောင်နှင့် SSS ပြည်သူ့စစ်ဌာနေအဖွဲ့မှ ဦးသိန်းဇော်တို့မှ ကျိုင်းတောင်းမြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု(၂၀)အား အိမ်ထောင်စု တစ်စုလျှင် ခြောက်ပြည်ဆန့် ဆန်တစ်အိတ်နှုန်းဖြင့် ဆန်အိတ်အလုံး(၂၀)အား အိမ်တိုင်ရာရောက် ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်း သိရသည်။
ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများသည် တစ်နေ့လုပ်တစ်နေ့စား နေစားသမားများဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာလတွင် အပြင်ထွက်၍ အလုပ်လုပ်ကိုင်ရန် အဆင်မပြေခြင်း၊ အလုပ်မရှိသဖြင့် ဝင်ငွေမရှိခြင်း၊ ဝင်ငွေမရှိသည့်အတွက် စားရေးသောက်ရေး ခက်ခဲခြင်းကြောင့် အဆိုပါ အခြေခံစားသောက်ကုန်ဖြစ်သောဆန်များကို လာရောက်လှူဒါန်းပေးရခြင်း ဖြစ်ပါကြောင်း အလှူရှင် များထံမှ သိရသည်။
သီဟ(ပြန်/ဆက်)