မတ္တရာ သြဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၁၄ရက်နေ့ အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန်ကြေညာခဲ့ရာ မဲစာရင်းလာရောက် ကြည့်ရှုသူ များပြားခဲ့ကြောင်းသိရသည်။
မတ္တရာမြို့နယ်တွင် ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈၃)အုပ်စုရှိ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ကြေငြာထားသော မဲစာရင်းများကို စိတ်ပါဝင် စားစွာ လာရောက်ကြည့်ရှုသူ ၁၁၃၁၈၅ ဦးရှိခဲ့ရာ ပုံစံ(၃)ဖြင့် လျောက်ထားသူ(၉၆၄)ဦး၊ ပုံစံ(၄)ဖြင့် ကန့်ကွက်သူ(၃၀၆)ဦး၊ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ(၆၉၁)ဦးရှိပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ တွဲဖက်တာဝန်ပေးထားသည့် ပညာရေးဌာနမှ ဝန်ထမ်း များမှ လျောက်ထား၊ ကန့်ကွက်၊ ပြင်ဆင်မှုများကို ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ရွှန်းလဲ့ရွှေရည်ထံမှ သိရသည်။
မတ္တရာမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ရပ်ကွက်/ ကျေးရွာအုပ်စု(၈၈)အုပ်စု ကျေးရွာပေါင်း (၂၈၅)ရွာ၌ မဲရုံပေါင်း(၂၆၆)ရုံ ထားရှိသွားမည် ဖြစ်ပြီး မဲဆန္ဒရှင်ပေါင်း ၁၉၀၀၀၀ကျော် ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)