သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းအတွက် ပြင်ဦးလွင်အခမဲ့နာရေးကူညီမှု အသင်းမှ ဒုတိယအကြိမ် အောက်ဆီဂျင်အလုံးရေ (၃၀)ကူညီဖြည့်ဆည်း

နောင်ချို    စက်တင်ဘာ    ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းအတွက် လိုအပ်သော အောက်ဆီဂျင်အလုံးရေ (၃၀)ကို ပြင်ဦးလွင် အခမဲ့နာရေးကူညီမှုအသင်းမှ ဒုတိယအကြိမ် ကူညီဖြည့်ဆည်းပေးခဲ့ကြောင်း သဖန်းကိုင်းပရဟိတ အသင်းထံမှ သိရသည်။

အဆိုပါ အောက်ဆီဂျင်အိုးများကို ပြင်ဦးလွင်မြို့ အခမဲ့နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် အဖွဲ့ဝင် များက ဖြည့်ဆည်းပေးကာ ကိုကျော်မင်းလတ် မိသားစု၏ကားအကူအညီဖြင့် ပရဟိတ အသင်းသားများက သယ်ယူခဲ့ကြသည်။

သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်း ကုသရေးစင်တာတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများအား ဆရာ ဝန်(၁)ဦး၊ သူနာပြု (၄)ဦး တို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊ စင်တာ၌ တစ်ရက်လျှင် Concentrator (၇)လုံး ထားပေးသည့်အပြင် အောက်ဆီဂျင်အိုး (၁၅)အိုး နှင့်(၂၀)အိုးကြားနေ့စဉ် အသုံးပြုနေရကြောင်း၊ အောက်ဆီဂျင်စက်ရုံများမှလည်း လိုအပ်သောအောက်ဆီဂျင်များကို လှူဒါန်းပေး လျက်ရှိကြောင်း၊ အသင်းအနေဖြင့် မိမိစင်တာရှိ လူနာများ၏ ကျန်းမာရေး၊ စားသောက်၊ နေထိုင်ရေးကိစ္စများ သာမက မြို့နယ်အတွင်း လိုအပ်သော နေရာများသို့ ပိုးသတ်ဆေးဖျန်းခြင်း၊ အခြားကျန်းမာရေးကိစ္စများကို ဆောင်ရွက်ပေးခြင်းများကို နေရာ၊ အချိန်ကာလမရွေး ကူညီပေးလျက်ရှိကြောင်း သဖန်းကိုင်း ပရဟိတလူမှု ကူညီရေးအသင်းထံမှ သိရသည်။

ထွေးငယ်  (ပြန်/ဆက်)