ကျောက်ပန်းတောင်းမြို့နယ် ယုံထောင်တောရကျောင်းဆရာတော်မှ ပွေးကျစ်ကျေးရွာတိုက်နယ်ဆေးရုံ အရေးပေါ်ကိစ္စများတွင်အသုံးပြုနိုင်ရန် ပရဟိတသုံး မော်တော်ယာဉ်တစ်စီးနှင့် အလှူငွေများလှူဒါန်း

ကျောက်ပန်းတောင်း  ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျွဲကန်ကျေးရွာအုပ်စုရှိ ယုံထောင်တောရကျောင်းဆရာတော် ဘဒ္ဒန္တတေဇနိယျက ကျောက်ပန်း တောင်းမြို့နယ် ပွေးကျစ်တိုက်နယ် (၁၆)ကုတင်ဆံ့ဆေးရုံတွင် အရေးပေါ်လူနာများသယ် ပို့ရာတွင် အသုံးပြုနိုင်ရန်အတွက်၊ ပရဟိတမော်တော်ယာဉ် တစ်စီးနှင့် အလှူငွေများထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါ တိုက်နယ်ဆေးရုံဝန်းတွင်ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပွေးကျစ်ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မသာရအမှူးပြုသည့် ဆရာတော်အရှင်သူမြတ်(၅)ပါး ကြွရောက်တော်မူကြပြီး၊ ဧည့်ပရိတ် သတ်များအား ငါးပါးသီလဆောင်တည်စေ၍ ပရိတ်တရားတော်မြတ်များကိုချီးမြှင့်ရွတ် ဖတ်တော်မူကြသည်။ ယင်းနောက် ယုံထောင်တောရကျောင်း ဆရာတော်က ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ ပွေးကျစ်တိုက်နယ်ဆေးရုံ၊ ပွေးကျစ်နယ်မြေ ရဲကင်းစခန်းနှင့် ပွေးကျစ်နယ်မြေမီးသတ်စခန်းတို့အတွက် လိုအပ်သည့်နေရာတွင်အသုံးပြုနိုင်ရန် အလှူငွေကျပ်(၁)သိန်းစီပေးအပ်လှူဒါန်းပြီး၊ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်ချ အမျှပေးဝေကြကာ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။ အခမ်းအနားပြီးတွင် ယုံထောင်တောရကျောင်း ဆရာတော်ဘဒ္ဒန္တ တေဇနိယျကပွေးကျစ်တိုက်နယ်ဆေးရုံအတွက် လှူဒါန်းသည့် ပရဟိတသုံး Probox မော်တော်ယာဉ်ကားသော့ကို တိုက်နယ် ဆရာဝန်ဒေါက်တာ သန်းကျော်ဦးထံ ပေးအပ်သည်။

ပွေးကျစ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူသည့် လူနာများမှာ ကျောက်ပန်းတောင်းမြို့နယ်ရှိ တိုက်နယ်အတွင်း ကျေးရွာများသာမကပဲ နတ်မောက်မြို့နယ်ကျေးရွာများ၊ ရေနံချောင်းမြို့နယ်မှကျေးရွာများကလည်း၊ ခရီးလမ်းပန်းပိုမိုနီး၍ သွားလာရ အစဉ် ပြေသည့် ပွေးကျစ် တိုက်နယ်ဆေးရုံသို့ လာရောက်ကုသမှုများလာသည့်အပြင်၊ပွေးကျစ်ကျေးရွာမှာ ကျောက်ပန်းတောင်းမြို့နှင့် (၁၂)မိုင် ကျော် ခန့်ဝေး ကွာသဖြင့် အရေးပေါ်လူနာများ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေလွယ်ကူ စေရန်အတွက် ပရဟိတသုံးယာဉ်အဖြစ်အသုံးပြုနိုင်ရန် ယခုလို လှူဒန်းရခြင်းဖြစ်‌ကြောင်း ဆရာတော် ဘဒ္ဒန္တတေဇနိယျ က မိန့်ကြားခဲ့ကြောင်း သိရသည်။

နေအောင်