ဖယ်ခုံ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃၁၀ ဦးရှိပြီး သေဆုံးသူ ၁၉ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စက်တင်ဘာလ ၂၁ ရက်နေ့နောက်ဆုံးစာရင်းအရ သိရှိရသည်။
ဖယ်ခုံမြို့နယ်၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လေးဦးရှိပြီး သေဆုံးလူနာ နှစ်ဦးရှိကြောင်း သိရှိရသည်။ သေဆုံးလူနာနှစ်ဦးမှာ ဖယ်ခုံမြို့ ညောင်ကုန်းရပ်ကွက်မှ တစ်ဦးနှင့် မိုးဗြဲကျေးရွာအုပ်စုမှ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ စုစုပေါင်း ရောဂါပိုးတွေ့ရှိသူ ၃၁၀ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၁၀ ဦးသေဆုံးလူနာ ၁၉ ဦး ကုသဆဲ ၈၁ ဦး ကျန်ရှိကြောင်း သိရှိရသည်။
ဖယ်ခုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး လူနာများတွေ့ရှိခြင်း၊ သေဆုံးလူနာများရှိခြင်းတို့ကြောင့် ရောဂါ ကူးစက်ပြန့်ပွားခြင်းမှကာကွယ်ရန် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်ထဲမှာနေရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို မဖြစ်မနေတပ်ဆင်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ လူစုလူဝေးရှောင်ရှားရန် စသည်ဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းများများကို မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေး လျှက်ရှိပြီး သတ်မှတ်ရက်များတွင် လာရောက် ထိုးနှံရန်လိုအပ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီတာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။
ကိုဗစ်-၁၉ လူနာများနှင့် ဆက်စပ်ထိတွေ့သူများ၊ ၎င်းပုဂ္ဂိုလ်များ နေထိုင်သည့် နေအိမ်များအား မြို့နယ်တာ၀န်ရှိသူများ၊ မြို့နယ်ကြက်ခြေနီသူနာပြုအဖွဲ့နှင့် ပရဟိတအသင်းများမှ ဆေးဖြန်းခြင်းများ ဆောင်ရွက်ပြီး အသွားအလာကန့်သတ်ထားရှိကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)