မန္တလေး စက်တင်ဘာ ၂၂
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၅၅)နှစ်အထက် ရှိသူများအား ယနေ့နံနက် ၈နာရီက မြို့နယ်အတွင်းရှိ ဆေးထိုးစု ရပ်နေရာများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးကို ပထမအကြိမ် စတင်ထိုးနှံပေးသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ထိုးနှံပေးကြပြီး ဆေးထိုးစု ရပ်နေရာများဖြစ်သော ဒေါနဘွားရပ်ကွက် မုန်တိုင်ဓမ္မာရုံ၌ (၁၉၈)ဦး၊ အမရဌာနီအရှေ့ရပ်ကွက် ဒေါ်ဖီဓမ္မာရုံ၌(၃၅၄)ဦး၊ ပြည်ကြီးရန်လုံရပ်ကွက် ကိုးခန်းဓမ္မာရုံ၌ (၁၆၉)ဦး၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ရွှေကျီးမြင်ဘုရားရှိ ရွှေကျီးနားဓမ္မာရုံ၌ (၂၇၅)ဦး၊ စုစုပေါင်း(၉၉၆)ဦးတို့ကို ပထမအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးပေးရာသို့ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်း ဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဦးစီးမှူးများ၊ သက်ဆိုင်ရာရပ်ကွက်များမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပြီး နောက်ရက်များတွင်လည်း အသက်(၅၅)နှစ်အထက် ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)