ရန်ကင်း စက်တင်ဘာ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်(၃)နာရီအချိန်က အမှတ်(၁၂)ရပ်ကွက် ဓမ္မရိပ်သာကျောင်း၌ ပြုလုပ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမောင်က အိမ်ထောင်စု ဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြေားကြားရာတွင် ပန်းခင်းစီမံချက် ဆောင်ရွက်ရာ၌ လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူ များအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက် မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူ များအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း နည်းလမ်းများဖြင့် (၄.၁၁.၂၀၀၄) ရက်နေ့မတိုင်မီ မွေးဖွားသူများ နှင့် ကိုင်ဆောင်လက်မှတ် မရှိသောသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား(၅၇)ကတ်အား ပြည်သူများ လက်ဝယ်သို့ တာဝန်ရှိသူများ က ပေးအပ်ခဲ့သည်။ အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို မြို့နယ် အတွင်းရှိ ကျန်ရှိသော ရပ်ကွက်များတွင်လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရ သည်။
လှလှထွေး(ပြန်/ဆက်)