ရွာငံ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိအသက် ၅၅ နှစ်နှင့် အထက်ပြည်သူများ၊ ဘုန်းကြီး ကျောင်း/သီလရှင်ကျောင်းများနှင့် သာသနာ့ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ( Sinopharm ) အား ဒုတိယအကြိမ် ပထမအသုတ် ထိုးနှံပေးခြင်းကို စက်တင်ဘာလ (၁၉) ရက်နေ့မှ စက်တင်ဘာ (၂၁)ရက်နေ့အထိ သုံးရက်တာကာလအတွင်း (၂၅၈၅) ဦး ထိုးနှံပြီးစီးကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ရာတွင် ဆေးတစ်ပုလင်းလျှင် လူဦးရေ (၅) ဦးထိုးနှံနိုင်မှာ ဖြစ်ပြီး၊ ရွာငံမြို့နယ် မြို့ဦးမင်္ဂလာကျောင်းကြီး၊ မြို့ကြီးဓမ္မာရုံ၊ မြိုင် (အ.ထ.က)၊ ရေဦး(အ.ထ.က)၊ မြင်းကျဒိုး (အ.ထ.က) တို့တွင် စုရပ်များခွဲ၍ ဆေးထိုးအဖွဲ့ (၅) ဖွဲ့ခွဲကာ ထိုးနှံ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ပြည့်ဖြိုးသန့် (ရွာငံ)