မြစ်သား၌ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းဖွင့်လှစ်

မြစ်သား စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီ ထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မား တိုးတက်စေလာရန် ရည်ရွယ် ၍  အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးကိုကိုအောင် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အစိမ်းရောင် ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းကို ကျေးလက်ဒေသ  ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသော ကျေးလက်ဒေသ သောက်သုံး ရေရရှိရေး၊ မီးလင်းရေး၊ ကုန်ထုတ်လမ်းနှင့် တံတားလုပ်ငန်းတို့ကို မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဝင် ကျေးရွာများမှ စုစုပေါင်း ၁၅ ရွာ ဆောင်ရွက်ရန် လျာထားကြောင်း၊ အဆိုပါ ကျေးရွာများတွင် VDP စီမံကိန်းဆိုင်ရာများနှင့် ဆောင်ရွက်ပြီးစီမံကိန်းများ ရည်ရှည်တည်တံ့ ခိုင်မြဲရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာအချက်များနှင့် ကျေးရွာစွန့်ပစ်အမှိုက်နှင့် သန့်ရှင်းသာယာ လှပရေးဆိုင်ရာအချက်များ၊ လူမှုအဖွဲ့အစည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာများနှင့် အစိမ်းရောင် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းစဉ်များကို တစ်ရက်ကြာ သင်ကြားပို့ချ ပေး မည်ဖြစ်ကြောင်း အမှာစကားတွင် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြစ်သားမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးကို ကိုအောင်နှင့် သင်တန်းနည်းပြများက ရွာခိုင်ကြီး၊ ငါးဆူ၊ တလိုင်းကုန်း၊ အရေးမဆို၊ ရွာသာအေး၊ ပုဏ္ဏားရွာ၊ ကျောက်ဆောက် ကျေးရွာတို့မှ သင်တန်းသားများအား အစိမ်းရောင် ကျေးလက် ဒေသဖွံ့ဖြိုး ရေးနှင့် ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာများကို ဖွင့်လှစ်သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)