လိပ်သို စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများရှိလာသဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုအား မြို့ပေါ်/ ရပ်ကွက်များသို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ၀န်ထမ်းများက မြို့အတွင်းရှိ အမှတ်(၃) ရပ်ကွက်၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှည့်လည်အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက်ကာကွယ်နိုင်ရန် မိမိနေအိမ် တွင်း၌သာ နေထိုင် ကြရန်၊ မိမိအိမ်သို့ ပြင်ပမှဧည့်သည်များ လက်မခံကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက် ရပါက ပါးစပ်နှင့် နှာခေါင်စည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အရာ၀တ္တု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေ၀င် လေထွက်ကောင်းအောင် ဖွင့်ထားရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံ ရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါ ကြောင်း၊ အကယ်၍မိမိတို့ရောဂါ ပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြပါရန် ကိုဗစ်-၁၉ ကပ်ရောဂါကို ကူးစက် ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူ များအနေဖြင့် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါ၀င်ကြစေရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို လည်း မပျက်မကွက်ထိုးနှံကြပါရန် စသည့်အချက်များကို မြို့ပေါ်/ ရပ်ကွက်နေ ပြည်သူများအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေး Hand Speaker ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)