လားရှိုး စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က လားရှိုးမြို့ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းတူးဖော်ခြင်းနှင့် မြို့တွင်းအဓိကလမ်းမကြီးများ လမ်းနယ်မလွတ်သော သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ရှိ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်ဇင်က ရှင်းလင်းတင်ပြရာ ရှမ်းခိုလောင်း ရေမြောင်းတူးဖော်ခြင်း၊ ကျောက်တောင်ရေမြောင်းတူးဖော်ခြင်း (အောင်ချမ်းသာလမ်းမှ နမ့်ပါချီးရေကန်အထိ)၊ တရုတ်ခိုလောင်းရေမြောင်း တူးဖော်ခြင်း၊ ကျောက်တောင်ရေမြောင်း တူးဖော်ခြင်း (ဝင်းချယ်ရီဆီဆိုင်ဘေးမှ နတ်ရေကန်လမ်းအထိ)၊ ခိုလောင်းရေမြောင်း လစရ(၇)တပ်မှ မိုင်းယော်ချောင်းအထိ အကျယ် (၁၀) ပေအနက် (၅) ပေရှိ ရေမြောင်းဆည်ခြင်း တူးဖော်ခြင်းလုပ်ငန်းများနှင့် လားရှိုးမြို့တွင်းရှိ အဓိကလမ်းများမှ လမ်းနယ်မလွတ်သည့် သစ်ကိုင်း သစ်ပင် စုစုပေါင်း (၄၃၆) ပင် ခုတ်ထွင်ရှင်းလင်းရမည့် လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြခဲ့ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရေမြောင်းဆည်ခြင်းလုပ်ငန်းများ၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှုများကို ကြည့်ရှုခဲ့ပြီးနောက် လိုအပ်ချက်များကို ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါ လုပ်ငန်းများကို လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာန အင်ဂျင်နီယာမှူး ဦးလှဌေးက ကြီးကြပ်ကာ စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လားရှိုးမြို့ရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များ ပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။
ဟန်ဌေး