ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြီး ပျောက်ကင်းသူများ၏ ရင်တွင်းစကားသံများ

ပုဗ္ဗသီရိ   စက်တင်ဘာ   ၂၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ခြင်း၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်း၊ မိမိနေအိမ်တွင် အသက်(၆၅)နှစ်နှင့်အထက်အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ တစ်ခုခုခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေခြင်း၊ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးခြင်းစသည့် လုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ယနေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံ ရသူပေါင်း (၄၄၆၅၇၃)ဦး ရှိပြီးဖြစ်ကာ(၃၉၈၂၂၀)ဦးမှာ ဆေးရုံဆင်းခွင့်ရရှိပြီး ပုဗ္ဗသီရိမြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူ (၄၀၀)ဦး၊ အခြားဒေသများမှ လာရောက်ကုသမှုခံယူနေသည့် Positive လူနာဦးရေ (၁၀၁၆)ဦး၊ ဆေးရုံမှဆင်းခွင့်ရရှိသူ (၉၇၄)ဦးရှိပြီဖြစ်ကြောင်းသိရသည်။ သို့ပါ၍ ပုဗ္ဗသီရိမြို့နယ် အတွင်းမှ ကိုဗစ်-၁၉ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

ဒေါ်သန်းသန်းနု(ဈေးရောင်း) ၊မင်္ဂလာဒီပရပ်ကွက်

"အစ်မရဲ့ အမျိုးသားက ကိုဗစ်ဖြစ်တာနဲ့ အမကို စစ်တော့လည်း ကိုဗစ် Positive ဖြစ်တာ၊ အဲ့ဒီကနေ စည်ပင်ရိပ်သာ(၂)ကိုရောက်တယ်။ ဖျားတာ၊ ချောင်းဆိုးတာ အနံ့မရတာတွေ မဖြစ်ခဲ့ ဘူး။ ဘာမှကိုမဖြစ်ခဲ့တာ။ စည်ပင်ရိပ်သာမှာဆေးကို မနက်(၁)လုံး၊ ည(၁)လုံးသောက်ရတယ်။ အကိုက် အခဲပျောက်ဆေးပေးတယ်။ ထမင်းလည်းဝေတယ်၊ ကြက်ပေါင်းရည်လည်းတိုက်တယ်။ ကြက်ဥပြုတ်နဲ့ ရေသန့်ဗူးပေးပါတယ်။ အဲ့ဒီမှာ (၁၁)ရက်ကြာခဲ့တယ်။  ကျန်းမာရေးဌာနက ညွှန်ကြားချက်နဲ့ အညီနေခဲ့ပါတယ်။ မနက်ခင်းမှာ လမ်းထထ လျှောက်တယ်။ အသက်ရှူလေ့ကျင့် ခန်းလည်း လုပ်ပါတယ်။ အားလုံးကိုပြောချင်တာက ကျန်းမာရေးစည်းကမ်းချက်နဲ့နေရင် ကိုဗစ်-၁၉ ကို ကျော်ဖြတ် နိုင်ပါတယ်။"

ဦးသိန်းလွင်(ဈေးရောင်း)၊ မင်္ဂလာဒီပရပ်ကွက်

"ကျွန်တော်က ကင်မွန်းတန်းဈေးမှာ ဈေးကုန်သွားဝယ်ရတယ်။ အဲ့ဒီကနေ တစ်ရက်က ကိုယ်လက် ကိုက်ခဲပြီး ဖျားတယ်၊ (၃)ရက်လောက်ရှိတော့ အနံ့ပျောက်တယ်၊ ဒါနဲ့ ကုတင်-၁၀၀၀မှာ သွားစစ် တော Positive ဖြစ်ပြီး စည်ပင်ဧည့်ရိပ်သာ(၂)ကိုရောက်တယ်။ စည်ပင်ရိပ်သာမှာ အနံ့ပျောက်ပြီး (၇) ရက်လောက်ရှိတော့ အနံ့ပြန်ရလာတယ်။ ကျွန်တော်တို့ကိုတော့ ဘာမှလုပ် မပေးဘူး။ အိမ်က ထမင်း၊ ဟင်းနဲ့စားစရာတွေ၊ ဆေးတွေပို့ပေးတယ်။ အချိန်မှန်စားပြီး အချိန်မှန်အိပ်ပါတယ်။ နံနက်စောစော အဆောင်ရှေ့မှာ လမ်းလျှောက်တယ်။ အသက်ရှူ လေ့ကျင့်ခန်းလုပ်တယ်။ စည်ပင် (၂)မှာ (၁၁)ရက်၊ အိမ်မှာ (၁၀)ရက်နေရတယ်။ ခုထိလည်း မနက် စောစော လမ်းအမြဲလျှောက် ဖြစ်ပါတယ်။"

မအေးချမ်းမေ (သားဖွားမီးယပ်ဆရာမ) 

ဆင်ဖြူရှင်ရပ်ကွက်" ကျွန်မငွေ့ငွေ့လေးဖျားတယ်၊ ဖျားပြီးအနံပျောက်သွားတယ် ကုတင်(၁၀၀၀) မှာ သွားစစ်တယ်။ စစ်ပြီးတော့ P အဲဒီကနေ စည်ပင်ရိပ်သာကိုသွားရတယ် ကျန်တာဘာမှမဖြစ်ဘူး၊ ပါတာစီတမော့နဲ့ စီဗစ်သောက်တယ်၊ ဂျင်းနဲ့ပျားရည်နဲ့သောက်တယ်၊ ရေနွေးထဲ ဆားနဲနဲထည့်ပြီး ရေနွေးငွေ့ရှူတယ် နံနက်လမ်းလျှောက်တယ်၊ (၅)ရက်လောက်နေပြီးတော့ အနံ့ပြန်ရတယ် အဲဒီမှာ (၁၁)ရက်ကြာခဲ့တယ်။ အိမ်မှာ Home Q တစ်ပတ်နေရတယ် ကိုဗစ်မဖြစ်အောင် ဂရုတစိုက်နေ ထိုင်ကြပါ။ အတတ်နိုင်ဆုံးကျန်းမာရေးစည်းကမ်းချက်များကို လိုက်နာပါလို့ပြောချင်ပါတယ်။"

မျိုးသီဟ (ပြန်/ဆက်)