သန်လျင်၌ အသက် ၅၅ နှစ်မှ အသက် ၆၄ နှစ်အကြား အသက်အရွယ်ရှိသူများအား (ပထမအကြိမ်) ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

ရန်ကုန် စက်တင်ဘာ ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အသက် ၅၅ နှစ်မှ ၆၄ နှစ်အကြား အသက်အရွယ်ရှိသူများအား (ထမအကြိမ်) ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးအား ယနေ့နံနက်ပိုင်းက သန်လျင်မြို့ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက် ၅၅ နှစ်မှ ၆၄ နှစ်အကြား အသက်အရွယ်ရှိသူများအား (ပထမအကြိမ်) ကာကွယ်ဆေးထိုးနှံပေးခြင်းအား သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ ဦးဆောင်ကာ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများအား စာရင်းရေးသွင်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်ပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများအား စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်