မိုင်းရယ်မြို့နယ်၌ မိုးရာသီ သီးနှံစုံ ၅၁၀၃၁ ဧက စိုက်ပျိုးပြီးစီး

 

မိုင်းရယ် စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်များမှ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်ကြသူများ ဖြစ်ပြီး သီးနှံများကို နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

မြို့နယ်အနေဖြင့် ၂၀၂၀-၂၁ ခုနှစ် မိုးရာသီတွင် ဆည်ရေသောက်၊ မိုးကောင်းသောက်၊ ဒေသအလိုက် သဘာဝချောင်းများတွင် ဒေသကျောက်ဖြည့် မျှောရိုက်ဆည် စနစ်များဖြင့် မိုးရာသီ သီးနှံစုံ ၅၁၀၃၁ ဧကကို စိုက်ပျိုးပြီးစီးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုင်းရယ်မြို့နယ်တွင် မိုးရာသီ သီးနှံအမျိုးအစားအလိုက် စိုက်ပျိုးဧကများမှာ မိုးစပါး(လယ်စပါး) ၁၂၄၂၆ ဧက၊ ယာစပါး၊ တောင်ယာစပါးနှင့်ယာသီးနှံ ၃၈၆၀၅ ဧက ဖြစ်သည်။ မိုင်းရယ်မြို့နယ်ရှိ ဒေသခံ ပြည်သူများသည် မိုးစပါး၊ တောင်ယာစပါးကို အဓိကထားစိုက်ပျိုးကြပြီး ဒုတိယအများဆုံးစိုက်ပျိုးသည့် သီးနှံမှာ အစေ့ထုတ်ပြောင်းဖြစ်သည်။ ယခုနှစ်တွင် အစေ့ထုတ်ပြောင်း ၁၇၆၉၀ ဧကကို စိုက်ပျိုး နိုင်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ မျိုးပြောင်းလဲစိုက်ပျိုးခြင်းဖြင့် တစ်ဧကအ ထွက်နှုန်း တိုးတက်ရရှိစေရန် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ သွင်းအားစု ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများ ဖြန့်ဖြူးပေးခြင်း၊ သီးနှံအလိုက် သိပ္ပံနည်းကျ စိုက်ပျိုး နည်းစနစ်များအား အတုယူ စိုက်ပျိုးလာစေရန် လယ်စပါး၊ မြေပဲ၊ အစေ့ထုတ်ပြောင်း၊ ပဲပုတ်သီးနှံများကိုစံပြကွက်များစိုက်ပျိုး၍ ကွင်း ဆင်းသရုပ်ပြပွဲများ ဆောင်ရွက်ပေးခြင်း၊ ပြောင်းလဲလာသော ရာသီဥတုအလိုက် လိုက်လျောညီထွေ မှုရှိမည့် သီးနှံပုံစံပြောင်းလဲ စိုက်ပျိုးနိုင်ရေး မျိုးသစ်စမ်းသပ်ကွက်များ၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်၊ စိုက်ပျိုးချိန် စမ်းသပ်ကွက်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စံပြကွက်၊ စမ်းသပ်ကွက်များ စိုက်ပျိုးပြသသည့်အပြင် သီးနှံအလိုက် အထွက်နှုန်း တိုးစေမည့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းများ၊ ပုလဲဓါတ်မြေဩဇာ အကျိုးရှိစွာသုံးစွဲနည်း၊ ပိုးသတ် ဆေးများကို အန္တရာယ်ကင်းစွာကိုင်တွယ် သုံးစွဲနည်း၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းသင် တန်း/ဆေးနွေးပွဲများ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။

မိုးသီးနှံစိုက်ခင်းများ ပိုးမွှားရောဂါကျရောက် ပျက်စီးမှုမရှိစေရေးအတွက် စိုက်ပျိုးရေးဝန်ထမ်း များက ကျေးရွာအုပ်စု၊ ကျေးရွာရှိ သီးနှံစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးပြီး တောင်သူ တစ်ဦး ချင်းအာ ပညာပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်နည်းစနစ်များအား ရှင်းလင်းပြသခြင်းများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ICT နည်းပညာများဖြင့် သတင်း အချက်အလက်များ ပေးပို့ခြင်း၊ နည်းပညာ များဖြန့်ဖြူးပေးခြင်း၊ တောင်သူများ သိလိုသည့်အချက်များအား ဖြေရှင်းပေးခြင်း စသည့်လုပ်ငန်း များအား မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဇင်ထိုက်(မိုင်းရယ်)