ရွှေပြည်သာ စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လမ်းမကြီးများ၊ လမ်းကြားများသို့ သွားရောက်၍ အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရွှေပြည်သာ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌ သာနေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်၊ နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာ ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ် အခန်းများကို လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ကြရန်၊ အပြင်မှပြန်လာတိုင်း နှာခေါင်းစည်း (Mask) များကို စနစ်တကျစွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ ဆီးချိုသွေးတိုး နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါ ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှု ခံယူရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် ကာကွယ်ဆေးထိုးခြင်းများကိုလည်း သတ်မှတ်ရက် ပြည့်မြောက်ပါက သက်ဆိုင်ရာစုရပ်များတွင် သွားရောက်ထိုးနှံကြပါရန် စသည့် အချက်များကို ပြည်သူများသိရှိ လိုက်နာ ဆောင်ရွက်နိုင်ရေး Hand Speaker အသံချဲ့စက်တို့ဖြင့် လှည့်လည်၍ အသိပေး နှိုးဆော်ခဲ့ကြသည်။
ယခုအခါ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက် ပြန့်ပွားမှုမဖြစ်စေရန်အတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက် ကြရန် မြို့နယ်ကိုဗစ် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ အောက်ဆီဂျင် ဖြန့်ဝေပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)