မောက်မယ် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ရပ်ဝေးမှပြန်လာသည့် ပုဂ္ဂိုလ်များ(၆၃)ဦးအား RDT ဖြင့် စစ်ဆေးရာ ရောဂါပိုး တွေ့ရှိသူ မရှိကြောင်း၊ ဟိုနမ့်တိုက်နယ် Facility Quarantine နေထိုင်သူများ၏ အာခေါင်နှင့် နှာခေါင်းတို့ဖတ် နမူနာများအား ပြည်နယ် ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲဌာနတောင်ကြီးသို့ ပေးပို့ပြီးစစ်ဆေးကြည့်ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါတွေ့ရှိသည့် အတည်ပြုလူနာပေါင်း (၁၀၁) ဦးရှိပြီး ယင်းအနက်သေဆုံးသူ (၂) ဦး ရှိ၍ (၉၆)ဦးမှာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်ရာ ယခုဆေးကုသမှုခံယူနေသူ ဟိုနမ့်တိုက်နယ်ဆေးရုံတွင်(၃)ဦးသာ ကျန်ရှိတော့ကြောင်း မောက်မယ်မြို့နယ်အနေဖြင့် လက်ရှိအနေအထားအရ ကူးစက်မှုကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ပြီဖြစ်ပြီး နောက်ပိုင်း ပိုးတွေ့များသည် PCR ပြည်နယ် ပြည်သူ့ကျန်းမာရေးဓါတ်ခွဲဌာန တောင်ကြီးသို့ပေးပို့စစ်ဆေးရာမှတွေ့ရှိခြင်းဖြစ်ပြီး ပိုးတွေ့သူ မရှိသဖြင့် ကူးစက်မှုလည်းမရှိကြောင်း ကျန်းမာရေးဦးစီးဌာန၏ သတင်းများအရ သိရသည်။
စိုင်းမျိုးသန့်