ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ အသိပေးနှိုးဆော်

ကျွန်းစု စက်တင်ဘာ ၂‌၁

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကူးစက်မြန် တတိယလှိုင်း မျိုးရိုးဗီဇပြောင်းလဲသောရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်ကာကွယ်ရေး နည်းလမ်းများကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။  

 

 

အသိပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးတင်ထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်များက တတ်နိုင်သမျှ အိမ်အတွင်း၌သာ နေထိုင်ရန်၊ အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့်၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝမပြုပါနှင့်၊ နေအိမ်ရှိ အသက် (၆၅) နှစ်အထက် အသက်အရွယ်ကြီး ရင့်သူများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်၍ ရောဂါအခံရှိသူများ ရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ထားစေပါ၊ လေဝင်လေထွက်ကောင်းသည့် နေရာတွင် နေစေပါ၊ မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)က်ု မဖြစ်မနေတပ်ဆင်ပါ၊ လက်ကို စနစ်တကျ ဆေးကြောပါ၊ အခြားသူများနှင့် (၆)ပေအကွာ ခပ်ခွာခွာနေပါ၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊ လူစုလူဝေး လုံးဝရှောင်ကြဉ်ပါ၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ ဈေးဝယ်ယူပါ၊ ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်း မရှိသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်၊ အပြင်ထွက်ရာမှ အိမ်ပြန်ရောက်သောအခါတွင် အိမ်သို့ ရောဂါပိုးများ သယ်ဆောင်လာခြင်းမရှိစေရန် သတိပြုပါ၊ အသုံးပြုပြီးသော ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် တခါသုံးပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ပါ၊ အဝတ်အစား မလဲမီ(သို့) ကိုယ်လက်သန့်စင်ခြင်း မပြုမီ အိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ အလှည့်ကျရရှိသော ကာကွယ်ဆေးသည် မိမိအတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူပါ၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာပါ၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တတ်နိုင်သည့်အဘက်မှ လူအင်အား၊ ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှု ပညာရပ်များဖြင့် စနစ်တကျ ပါဝင်ပူးပေါင်းပံ့ပိုးပေးကြပါရန် စသည်တို့ကို အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)