ဘားအံ စက်တင်ဘာ ၂၁
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘုရားငါးဆူ သီရိ သုဇနဘေးမဲ့ တောရကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဝိလာသအား သီရိသုဇနဓမ္မာရုံ၌ ဖူးမျှော် ကြည်ညို၍ သာသနာတော်ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား လျှောက်ထားတင်ပြ ကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်သစ်တောရုံး၊ ဝန်ထမ်းအိမ်ယာနှင့် သစ်တော ပျိုးခင်းဆောင်ရွက်မည့်မြေနေရာအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ ပြည်နယ် မြေစာ ရင်း ဦးစီးဌာနမှူးနှင့် ပြည်နယ်သစ်တောဦးစီးဌာနမှူးတို့က အဆိုပါမြေနေရာ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ လိုအပ် သည်များလမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စုမှ ရဲသာ ကျေးရွာ အုပ်စုသို့ ဇွဲကပင်တောင်နှင့်ကြာအင်းတောင်ကြား မြို့ရှောင်လမ်းဖောက်လုပ် နေမှုနှင့် ရေထုတ်ပြွန်လုပ်ငန်းများ၊ အောက်ခံမြေသားလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ တို့ကို သွားရောက်ကြည့်ရှု့စစ်ဆေးရာ ပြည်နယ် လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးနန်းမြင့်အောင် က မြို့ရှောင်လမ်းဖောက်လုပ်ပြီးစီးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပွင့်လင်းရာသီတွင် မြို့ရှောင်လမ်းကို သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ ပြီးစီးနိုင်ရေး အင်တိုက် အားတိုက် လုပ်ကိုင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း