စဉ့်ကိုင်မြို့နယ် ရန်အောင်မြင်ရပ်ကွက်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

စဉ့်ကိုင်    စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်  အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွား များအား လူမှုရေးပင်စင်ငွေများကို ယမန်နေ့ နံနက် (၁၀)နာရီက  ရန်အောင်မြင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ၀င်းမြင့်နှင့် အဖွဲ့၀င်များက ကျန်းမာရေး၀န်ကြီးဌာနကထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ သက်ကြီးဘိုးဘွားများ လက်၀ယ်အရောက် လိုက်လံ ထုတ်ပေးခဲ့ကြောင်းသိရသည်။

         

အဆိုပါ ထောက်ပံ့ငွေများအား လူမှု၀န်ထမ်းဦးစီးဌာနမှအမျိုးသား လူမှုရေးပင်စင်များ   ပေး အပ်ခြင်းဖြစ်ပြီးနိုင်ငံတော်မှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအားတစ်ဦး လျှင်ကျပ် (၃၀၀၀ဝိ/-) နှုန်းဖြင့်  ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သက်ကြီးဘိုးဘွားများအား  ၂၀၂၀ - ၂၀၂၁   ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်ဖြစ်သော(ဧပြီလ၊ မေလနှင့် ဇွန်လ)တို့အတွက် တစ်လလျှင်ငွေကျပ် (၁၀၀၀ဝိ/-)နှုန်းဖြင့် သုံးလစာထောက်ပံ့ပေးခြင်းဖြစ်ရာ စဉ့်ကိုင် မြို့နယ် တွင်  ရပ်ကွက်/ကျေးရွာအုပ်စု(၄၈)အုပ်စုမှ  အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွား(၇၄၉)ဦး အတွက် ထောက်ပံ့ ငွေကျပ် စုစုပေါင်း(၂၂၄၇၀၀၀ဝိ/-)  ထောက်ပံ့ပေးခြင်းဖြစ်ပြီး  ရပ်ကွက်/ကျေးရွာ   အုပ်ချုပ်ရေးမှူးများ၊   စာရေး၀န်ထမ်း များက ဘိုးဘွားများ လက်၀ယ် အရောက်ဆက်လက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။

 

ဝင်းဝင်းသန်း(စဉ့်ကိုင်)