ကွန်ဟိန်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်

ကွန်ဟိန်း  စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ (၁:၀၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ယင်းနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်းက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။  ထောက်ပံ့ငွေများသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ) လအတွက် ပေးအပ်ခြင်းဖြစ်ပြီး တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံသို့ ပေးအပ်ခဲ့သည်။ ထောက်ပံ့ငွေများကို ကွန်ဟိန်းမြို့နယ် (ကာလိမြို့) အပါအဝင်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၂၆၂)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၂၇၇)ဦးတို့အတွက် တစ်ဦးလျှင် (၄၅၀၀၀)ကျပ်ကို ပေးအပ်ခဲ့ပါသည်။

အဆိုပါ ထောက်ပံ့ငွေများအား ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည့်(ကွန်ဟိန်း)