ပင်လုံမြို့တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး လုံးဝမထိုးရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နှိုးဆော်ချက်များဆော်ဩ

ပင်လုံ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်မှုလျှော့နည်း စေရေး အတွက် ပင်လုံမြို့အမှတ် (၁,၂,၃,၄) ရပ်ကွက်များနှင့် ကျေးရွာများရှိ ကိုဗစ်ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသည့် ပြည်သူ များအား ၁၉-၉-၂၀၂၁ ရက်နေ့မှစ၍ ကာကွယ်ဆေးထိုးနှံပေးနေပြီ ဖြစ်ကြောင်း အသိပေး နှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါအသိပညာပေးနှိုးဆော်ချက်များဆော်ဩခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပင်လုံမြို့အထက(၁)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပင်လုံမြို့အမှတ်(၁,၂,၃,၄) ရပ်ကွက်များနှင့် ကျေးရွာများရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသည့် ပြည်သူများအား ၁၉-၉-၂၀၂၁ ရက်နေ့မှစ၍ ထိုးနှံပေးနေပြီဖြစ်ကြောင်းနှင့် ယနေ့သည် ဒုတိယနေ့အဖြစ်ထိုးနှံပေးနေကြောင်း၊ ပင်လုံမြို့ အထက(၁)ကျောင်း၌ ဆေးထိုးနှံပေးလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဆိုး သည် လျင်မြန်စွာ ကူးစက်ပြန့်ပွားမှုဖြစ်နေပါသဖြင့် လူအများဒုက္ခဆင်းရဲများ ဖြစ်ကြပြီး သေဆုံးမှုမြှင့်မားလျက်ရှိပါကြောင်းနှင့် ထိရောက်စွာကုသထိန်းချုပ်နိုင်ရန် အလွန်အရေးကြီး နေပြီး ပြည်သူများက ပူးပေါင်းဆောင်ရွက်မှသာ အဆိုပါရောဂါကြီးကို လျင်မြန်စွာ အချိန်တို အတွင်းကာကွယ်နိုင်မှာဖြစ်ကြောင်း၊ သို့ဖြစ်၍ မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေ တွင် အိမ်တွင်း၌သာနေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက်ပြတ် တောက်မှာဖြစ်ကြောင်း၊ မိမိတို့ အိမ်တွင်ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြားသူ များထံသွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး (၆)ပေအကွာမှ ခပ်ခွာခွာနေရန်၊ (Mask) မတပ်သူများနှင့် တွေ့ဆုံစကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှရှောင်ကြဉ်ရန်၊ လူစုလူဝေးဖြင့် သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးရန်နှင့် မကြာခဏလက်ဆေးရန်၊ လက်မဆေးခင် ပါးစပ်နှာခေါင်းနှင့်မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ထိတွေ့ခြင်းမပြုလုပ်ရန်၊ လေဝင်လေထွက် မကောင်းသောအခန်းများကို ရှောင်ကြဉ်ရန်၊ မိမိတို့နေအိမ်များကို ပြုတင်း တံခါးများဖွင့်ပြီး လေဝင်လေ ထွက်ကောင်းအောင်ပြုလုပ်ရန်၊ အပြင်ထွင်ရာမှ ပြန်လာတိုင်း ဖြစ်စေ၊ အများတကာနှင့်တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့်နှာခေါင်း စည်း(Mask)များကို အပြင်တွင် စွန့်ပစ်ရန်၊ အဝတ်အစားမလဲမီကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်၊ ရောဂါကူးစက်ခံရပြီဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ သွားရောက်ပြီး ဆေးကုသမှုခံယူကြပါရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် စည်းကမ်းချက်များ အတိုင်းမပျက်မကွက် လိုက်နာကြရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာ ကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါရန်၊ မိမိတို့ ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု (၁၀) ဉီးခန့် ရှိပြီ ဖြစ်ကြောင်းတို့ကို (ရှမ်း၊ ပအိုဝ်း)၊ မြန်မာ) ဘာသာစကားများဖြင့်  ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ပင်လုံမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုကော်မတီ ဒု-ဉက္ကဋ္ဌ ဉီးလောယုံ တို့ပူးပေါင်း၍ အသိပေးဆော်ဩခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)