တနင်္သာရီ စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမြင့်မား နေမှုကြောင့် Stay at Home အဖြစ်သတ်မှတ်ကြေညာထားသည့် ကာလအတွင်း စားသောက်ရေး အခက်အခဲဖြစ်နေသော ချောင်းငယ်ရပ်ကွက်-တပ်ဦး ကျေးရွာမှမိသားစုတစ်စုအား တနင်္သာရီမြို့မှ ၂၀၀၃/၂၀၀၄ခုပညာသင်နှစ်၊ ကျောင်းသားဟောင်းများအဖွဲ့က စေတနာရှင် အလှူရှင်များနှင့်ပူးပေါင်း၍ လတ်တလောကာလတွင် အစားအသောက် အဆင်ပြေစေရန်အတွက် စက်တင်ဘာလ ၂၀ရက်နေ့ ညနေ၃နာရီအချိန်က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့လှူဒါန်းပေးကြောင်းကျောင်းသားဟောင်း ကိုဖိုးမြန်ထံက သိရသည်။
ယင်းသို့ ၂၀၀၃/၂၀၀၄ ခု ပညာသင်နှစ်၏ တနင်္သာရီမြို့မှ ကျောင်းသားဟောင်းများအဖွဲ့က လှူဒါန်း ပံ့ပိုးရာတွင်(၆)ပြည်ဆံ့ အိုကေဆန်(၃)အိတ်၊ ဆန်းဒေးကော်ဖီတစ်ထုပ်၊ စွန်မင်းခေါက်ဆွဲ(၁၀)ထုပ်၊ ဆီ(၃)ပိဿာ၊ သကြားတစ်ပိဿာ၊ ကြက်သွန်ဖြူ နှင့်အနီတစ်ပိဿာစီ၊ ချိုမုန့်တစ်ထုပ်၊နို့စည်တစ်ဗူး စသဖြင့် ကာလတန်ဖိုးငွေ(၅၁၅၀၀)ကျပ်ရှိ အခြေခံစားကုန်များကို သွားရောက် ထောက်ပံ့ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ဆိုင်ရာ ထုတ်ပြန်ချက်များကို တိတိကျကျ လိုက်နာနေထိုင်ပေးကြပါရန် အသိပေးမှာကြားကြကြောင်း သိရှိရသည်။
၎င်းမိသားစုတွင် ကလေး(၃)ဦးရှိပြီး၊ ဖခင်ဖြစ်သူမှာ လေဖျန်းဝေဒနာခံစားနေရ၍ အလုပ် မလုပ်နိုင်ဘဲ မိခင်ဖြစ်သူက (၅)လသား အရွယ် ခလေးတစ်ဘက်ဖြင့် အလုပ်မလုပ်နိုင်သဖြင့် စားသောက်ရေးအခက်အခဲ ဖြစ်နေကြောင်းသိရှိရသဖြင့် ယခုကဲ့သို့ပူးပေါင်း ထောက်ပံ့လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း