နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

နောင်ချို စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ မိဘပြည်သူများအား ယမန်နေ့ စတင်ကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံရာတွင် စုရပ်နေဖြင့် နောင်ချိုမြို့နယ် ခန်းမ၊ သုံးဆယ်တိုက်နယ်ဆေးရုံ၊ တောင်ရှည်ကျေးလက်ကျန်းမာရေးဌာန များတွင် သတ်မှတ် ထားရှိ ကြောင်း၊ ယခု အကြိမ်တွင် ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူ အသက်(၆၀မှ ၆၄) နှစ်အထိ ရဟန်းရှင်လူ မိဘပြည်သူ (၄၆၀၀)ဦး၊ အသက် ၅၅ နှစ်မှ ၅၉ နှစ်အထိ ရဟန်းရှင်လူမိဘပြည်သူ (၄၅၅)ဦး စုစုပေါင်း (၅၀၅၅)ဦး ကို စက်တင်ဘာလ (၁၉)ရက်နေ့မှ စက်တင်ဘာလ (၂၂) ရက်နေ့အထိ နေ့စဉ် နံနက် (၉) နာရီမှ မွန်းလွဲ (၂)နာရီထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာရင်းများမှတ်တမ်းယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် (၃၀)ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် ၊ ပြန်/ဆက်