မိုးညှင်း စက်တင်ဘာ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ဒေသခံမြို့သူမြို့သားများ၊ လုပ်ငန်းရှင်များ၊ စေတနာအလှူရှင်များနှင့် အခြားနယ်ဝေးမှ အလှူရှင်များ စုပေါင်းလှူဒါန်းငွေဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီး၍ အောက်ဆီဂျင် ကို စက်တင်ဘာ (၁၈) ရက်နေ့မှစတင်၍ အခမဲ့ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အလှူရှင်များစုပေါင်းဝယ်ယူထားသည့် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများကို ကိုဗစ်−၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ လမ်းသွယ်(၃)နေရာ၌ အောက်ဆီဂျင်စက်ထားရှိနိုင်ရေး တည်ဆောက်ဆဲနေရာတွင် စက်တင်ဘာ(၁၇)ရက်နေ့က အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်း များကို တပ်ဆင်ထားရှိခဲ့ပြီးဖြစ်ရာ အောက်ဆီဂျင်စက်ပစ္စည်း၏ တန်ဖိုးမှာငွေကျပ် သိန်းပေါင်း(၉၅၀)ခန့်ရှိပြီး O2 plant 30nm3/hr စက်အမျိုးအစားဖြစ်၍ (၄၀) Litre ဆံ့ အောက်ဆီဂျင်အိုးကို တစ်နာရီမှာ ငါးလုံးနှုန်းဖြင့် တစ်နေ့လျှင် အောက်ဆီဂျင်အိုးအလုံးရေ (၆၀)လုံး ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ၎င်းစက်ရုံတွင် မိုးညှင်းမြို့နယ်အပြင် မြို့နယ်နှင့်နီးစပ်သည့် အခြားဒေသများမှ အရေးပေါ် အောက်ဆီဂျင်လိုအပ်သည့် ပြည်သူများအတွက် အောက်ဆီဂျင်လုံလောက်စွာ ရရှိနိုင်ရေးအတွက် စက်လည်ပတ်နေစဉ်အတွင်း အရေးပေါ်အောက်ဆီဂျင်လိုအပ်သူများအနေဖြင့် အချိန်မရွေး အခမဲ့လာရောက်လေဖြည့်သွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်(ခရိုင် ပြန်/ဆက်)