နေပြည်တော် စက်တင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ၂၀ရက်နေ့အထိ ရေဆင်းတိုက်နယ် ဆေးရုံနှင့် ပြည်စံအောင်ကျေးလက်ကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ အသက်(၅၅)နှစ်နှင့်အထက် ဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ဆက်လက် ထိုးနှံပေးမှုကို ဥတ္တရခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သန်းလင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး သန်းဇော်ထူး၊ အဖွဲ့ဝင်(၂) ဦးကျော်ကျော်နိုင်တို့မှ လာရောက်ကြည့်ရှုခဲ့ရာ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်ကျန်မာရေးမှူး ဒေါက်တာဝေယံအောင် တာဝန်ရှိသူများ က ကာကွယ်ဆေးရရှိမှုနှင့် ထိုးနှံပေးမှုအခြေ အနေများအား လိုက်လံရှင်းလင်း ပြောကြား ခဲ့သည်။
ဇေယျာသီရိမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံး(၂၀၀၀) ထပ်မံရရှိ၍ စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ထပ်မံထိုးနှံလျက်ရှိရာ ဇေယျာသီရိမြို့နယ် ပြည်စံ အောင်ကျေးလက်ကျန်းမာရေးဌာနနှင့် ရေဆင်းတိုက်နယ် ဆေးရုံတို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ လကုန်အထိ ထိုးနှံပေးနိုင်ရေး ရာထားဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် လာရောက် ထိုးနှံနိုင်ကြောင်း ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်ထံမှ သိရသည်။
အေးလင်းထွန်း