နေပြည်တော်ကောင်စီမှ ကိုဗစ်- ၁၉ ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို စားသောက်ကုန်များထောက်ပံ့

နေပြည်တော်   စက်တင်ဘာ   ၂၀

နေပြည်တော်ကောင်စီမှ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံပါဝင် ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို စားသောက်ကုန်များ ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်မှုကို တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်ပြီး ပြည်ထောင်စုအဆင့် ရုံးများရုံးစိုက်ရာ မြို့တော်ဖြစ်သည်နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အထူးဂရုပြု အလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်အဖျက်အမှောက် လုပ်ရပ်များကို ထိန်းသိမ်းဆောင်ရွက်ရသည့်အပြင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလမှာ ပြည်ထောင်စုနယ်မြေအနေဖြင့် Stay at Home (၄) မြို့နယ်အထိ သတ်မှတ်ဆောင်ရွက်ခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်များ အနေနှင့် မြို့ဝင် မြို့ထွက်ဂိတ်များ၊ Stay at home မြို့နယ် Check Point များမှာ စစ်ဆေးရေးလုပ်ငန်းများ၊ ရောဂါကာကွယ်ရေး လုပ်ငန်းများကို ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်ခဲ့ကြတာကို ကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်း၊ လုံခြုံရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မပျက် အားလုံးပူးပေါင်းပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးခြောက်စသည့် စားသောက်ကုန်များထောက်ပံ့ပေးအပ်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်က လက်ခံရယူသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုလွင်က နေပြည်တော်ကောင်စီမှ စားသောက်ကုန်များ ထောက်ပံ့ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တက်ရောက်လာကြသည့် ရဲတပ်ဖွဲ့ဝင် များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးဝင်း အတွင်းရှိ ဝန်ထမ်းအိမ်ရာများနှင့် တပ်ဖွဲ့ ဓမ္မာရုံသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)