ထန်းတပင်၌ အသက်(၅၅)နှစ်အထက် အသက်အရွယ်ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၂၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၅၅)နှစ်အထက် အသက်အရွယ် ရှိသူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ(၂၀)ရက်နေ့ တွင်လည်း ထန်းတပင် မြို့မအားကစားကွင်းစုရပ်နှင့် တက်သစ်တိုက်နယ် ဆေးရုံစုရပ်တို့တွင် ကာကွယ်ဆေးကို ဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထန်တပင်မြို့နယ်အတွင်း ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၅၅)နှစ်အထက် အသက် အရွယ်ရှိသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ(၁၉)ရက်နေ့မှ စတင်၍ အ.ထ.က (ခွဲ)အုတ်ဖိုကျောင်းနှင့် နဲသမိန်တိုက်နယ်ဆေးရုံစုရပ်တို့တွင် ထိုးနှံပေးလျက်ရှိပြီး စက်တင်ဘာလ(၁၉) ရက်နေ့မှ စက်တင်ဘာလ(၂၀)ရက်နေ့အထိ အ.ထ.က(ခွဲ)အုတ်ဖိုကျောင်း၊ နဲသမိန်တိုက်နယ်ဆေးရုံ၊  မြို့မအားကစားကွင်းနှင့် တက်သစ်တိုက်နယ်ဆေးရုံစုရပ် နေရာ(၄)ခု တို့တွင် ကာကွယ်ဆေးလာရောက် ထိုးနှံခဲ့ကြသူဦးရေ (၁၄၀၅)ဦးထိရှိကြောင်းလည်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်း များက ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရပြီး ကာကွယ်ဆေးထိုးနှံမှု အခြေအနေ များကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ကြည့်ရှုအားပေး ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

ထန်တပင်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးကျေးရွာ အုပ်စုများ အလိုက် စုရပ်များခွဲကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်ပြီး စက်တင်ဘာလ (၂၁)ရက်နေ့တွင် မြို့မအားကစားကွင်းစုရပ်နှင့် တက်သစ်တိုက်နယ်ဆေးရုံစုရပ်တို့တွင် ထပ်မံ၍ ကာကွယ် ဆေးထိုးနှံပေးသွားမည်ဖြစ်သလို စက်တင်ဘာလ(၂၂)ရက်နေ့တွင် ပေါက်တန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းစုရပ်နှင့် လှည်းဆိပ်တိုက်နယ်ဆေးရုံစုရပ် တို့တွင်လည်းကောင်း၊ စက်တင်ဘာလ (၂၃)ရက်နေ့တွင် အ.ထ.က (ဘောလည်)စုရပ်နှင့် အ.မ.က(ပက်အင်းကလေး) စုရပ်တို့တွင် လည်းကောင်း၊ စက်တင် ဘာလ(၂၄) ရက်နေ့တွင် အ.ထ.က (ရခိုင်ရိုးကြီး) စုရပ်တွင် လည်းကောင်း၊ စက်တင်ဘာလ(၂၅)ရက်နေ့ တွင်အ.ထ.က (ကျူတော) စုရပ်နှင့်အလိန်လည် တိုက်နယ်ဆေးရုံစုရပ်တို့တွင် လည်းကောင်း ကာကွယ်ဆေးမထိုးနှံရသေးသူများအား ကာကွယ်ဆေးကို ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်