တပ်ကုန်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု (၄၆၃၇၃)စုအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

တပ်ကုန်း          ဩဂုတ်         ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသော ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများအနေဖြင့်  နိုင်ငံတော်မှ ကိုဗစ်ကာလ စီးပွားရေး သက်သာ စေရေးအတွက် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု မိသားစုဝင် များအား ထောက်ပံ့ပေးအပ်ရာတွင် တိကျမှန်ကန်စေရေးနှင့်ပြည်သူများလက်ဝယ်ရောက်ရှိရေး ဆောင်ရွက်ပေးရန် ပြောကြားခဲ့ပြီးနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးနှင့်မြို့မိမြို့ဖတို့က အိမ်ထောင်စု ပေါင်း(၄၆၃၇၃)စုအတွက် ထောက်ပံ့ငွေများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူ တန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ တပ်ကုန်းမြို့နယ်တွင် ပထမအကြိမ် ဖြစ် အခြေခံစားသောက်ကုန်းပစ္စည်း ငါးမျိုးကို အိမ်ထောင်စုပေါင်း(၂၉၉၁၈) ဒုတိယအကြိမ်တွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိသော အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၅ဝဝဝနှုန်းဖြင့် အိမ် ထောင်စုပေါင်း(၁၆၄၅၅) တတိယအကြိမ်တွင် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့် အိမ်ထောင်စုပေါင်း(၄၆၃၇၃)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ယခုစတုတ္ထအကြိမ်တွင် တစ်အိမ်ထောင် လျှင် ငွေကျပ် ၂ဝဝဝဝ နှုန်းဖြင့် အိမ်ထောင်စုပေါင်း(၄၆၃၇၃)အတွက် ငွေကျပ်(၉၂၇၄၆ဝဝဝဝ)ကို ထပ်မံထောက်ပံ့ပေးအပ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်