ပိုင်ကျုံ စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်၁၉-ရောဂါဆိုးကြီးသည် လျှင်မြန်စွာ ကူးစက်ပျံ့ပွား လျက်ရှိပြီး နေ့စဉ်ရောဂါ ကူးစက်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါ ကူးစက်ပျံ့ပွားမှုကို လျော့နည်း စေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင် ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေးပန်ကြားချက်များကို ကရင်၊ မြန်မာနှစ်ဘာသာဖြင့် ယနေ့နံနက် (၇) နာရီအချိန်က မိုးနိုင်းကြီး ကျေးရွာသို့ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ချက်များ ကြေညာရာတွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ပိုမိုသိရှိစေရန် ရည်ရွယ်၍ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ပါ။ သို့မှာသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါသည်။ ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြပါရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်းကိုစနစ်တကျတပ်ဆင်ပါ၊ အခြားသူများနှင့် ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့် နှာခေါင်းစည်း မတပ်ထားသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ အောင် စနစ်တကျ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့်မျက်စိတို့ကို ပွတ်သတ် ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းမပြုလုပ်ကြပါရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများ သွားလာခြင်းမှ ရှောင်ပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါအခံရှိသူများ ရောဂါ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက် အန္တရာယ်ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ အလှည့်ရရှိသောကာကွယ်ဆေးများကို မိမိတို့အတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံပါ၊ ကာကွယ်ဆေးထိုးပြီးသော်လည်း ရောဂါကာကွယ်ရေး နည်းလမ်းများကို ဆက်လက် လိုက်နာပါ စသည့် ဆောင်ရန်/ရှောင်ရန် အချက်များအား HandSpeaker ဖြင့် လိုက်လံအသိပေး နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)