ကျောက်မဲ စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ယနေ့နံနက် ၂ နာရီ အချိန်မှ နံနက် ၇ နာရီအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ တောင်ကျရေများကြောင့် မြို့လယ်တွင် ဖြတ်စီးနေသည့် နမ့်စောင်းငေါင်းချောင်း ရေလျှံခဲ့ပြီး ချောင်းတစ်လျှောက်ရှိ မြေနိမ့်ပိုင်းရှိ နေအိမ် ၁၉၅ အိမ်ခန့် ရေဝင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယင်း ချောင်းရေလျှံမှုကြောင့် ကျောက်မဲမြို့ အမှတ် ၃/၄/ ၅/၇/၉ ရပ်ကွက်များမှ လူဦးရေ ၁၀၀၀ ခန့် ထမင်းဟင်းချက်ပြုတ်စားသောက်ရန် ခက်ခဲမှုများရှိနေကြောင်း၊ အခြားပျက်စီး ဆုံးရှုံးမှုများ မရှိကြောင်း သိရပြီး အဆိုပါ ချက်ပြုတ်စားသောက်ရန် အခက်အခဲရှိသူများအား ခရိုင်/မြို့နယ်/ ရပ်ကွက် စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းများက ထမင်း၊ ဟင်းများနှင့် သောက်ရေများ လိုက်လံဝေငှ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဝင်နစ်မြုပ်မှုကြောင့် ချက်ပြုတ်စားသောက်ရန် ခက်ခဲသူများအား ကျွေးမွေးရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်မှလည်း ငွေကျပ် ၃ သိန်း လှူဒါန်းထားကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)