တနင်္သာရီ စက်တင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် ချောင်းကြီးကျောင်းတိုက်ဦးစီးပဓာနဆရာတော် သက်တော်(၁၀၃) နှစ်၊ဝါတော်(၈၃)ဝါရှိသည့် သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တအရှင်ပညာဒပသည် ကိုဗစ်-၁၉ရောဂါဖြင့် မြိတ်မြို့အမှတ်(၅)၊ ကုတင် (၁၀၀)တပ်မတော် ဆေးရုံတွင် စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်၅နာရီ၁၅အချိန်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ သဖြင့် ဆရာ တော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ကရဝိတ်မော်တော်ယာဉ်ဖြင့် ကိုဗစ်-၁၉ ဆိုင်ရာထုတ်ပြန်ချက်နှင့်အညီ တနင်္သာရီမြို့သို့ ပြန်လည်ပင့်ဆောင်၍ တနင်္သာရီမြို့-လုံးခရမ်း သုဿန်တွင် မီးသင်္ဂြိုလ်ခဲ့ပြီး ဆရာတော်ဘုရား၏ကြွင်းကျန်ခဲ့သည့် ဦးခေါင်း တော်နှင့် ခြေအရိုးပြာ အိုးများကိုစနစ်တကျသိမ်းဆည်း၍ ယခုအခါ ချောင်းကြီးကျောင်းတိုက်ယာယီစံကျောင်းအတွင်း ပူဇော်ခံ ထားရှိကြောင်း သိရှိရသည်။
အဆိုပါဆရာတော်ဘုရားကြီး၏အရိုးပြာအိုးများအား ၁၃၈၃ခုနှစ်၊ တော်သလင်းလပြည့် ကျော်(၄)ရက်၊ စက်တင်ဘာလ(၂၄)ရက် မွန်းတည့်(၁၂)နာရီကျော်လွန် အချိန်မှစ၍ ဆရာတော်ဘုရားကြီးသက်တော်ထင်ရှားရှိစဉ်က ဆရာတော်ကိုယ်တိုင် စီးနင်းကြွ ချီတော်မူသည့် တနင်္သာရီရိုးရာ ငွေနန်းသာရီအမည်ရှိ နဂါးလှေတော်ဖြင့် တနင်္သာရီမြစ်ရေပြင်အတွင်း ဥဒကရေချ ဈာပန အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်နိုင်ရန်ယမန်နေ့က အရပ်လူကြီးများ၊ ဂေါပကအဖွဲ့၊တပည့်သံဃာတော်များ၊ဥပသကာအဖွဲ့နှင့်ဆရာဘုရား၏ဆွေတော်၊မျိုးတော်များကညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။
သို့ပါ၍ ဆရာတော်ဘုရားကြီး၏အရိုးပြာအိုးများအား ဥဒကရေချ ဈာပနအခမ်းအနားကိုအန္တရာယ်ကင်းရှင်းစွာပြုလုပ်နိုင်ရန်အ တွက် ငွေနန်းသာရီ ရိုးရာနဂါးလှေတော်ကို စက်တင်ဘာလ(၂၂)ရက်နေ့ နံနက်(၇)နာရီအချိန် ၎င်းလှေရုံမှမြစ်ရေပြင်သို့ ရေချ မင်္ဂလာ ပြုလုပ်မည်ဖြစ်ပြီးလေ့ကျင့်လှော်ခတ်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း