ဥဒကရေချဈာပနအခမ်းအနားကျင်းပရန် တနင်္သာရီမြို့နယ် ရိုးရာ “ငွေနန်းသာရီ” နဂါးလှေတော်အား ရေချမင်္ဂလာပြုလုပ်မည်

တနင်္သာရီ စက်တင်ဘာ ၂၀

 

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် ချောင်းကြီးကျောင်းတိုက် ဦးစီးပဓာနဆရာတော် သက်တော်(၁၀၃) နှစ်၊ဝါတော်(၈၃)ဝါရှိသည့် သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တအရှင်ပညာဒပ၏ ကြွင်းကျန်ခဲ့သည့် ဦးခေါင်းတော်နှင့်ခြေအရိုးပြာ အိုးများကို တနင်္သာရီမြစ်ဆုံတွင် ဥဒကရေချ ဈာပနအခမ်းအနားကို ငွေနန်းသာရီ ရိုးရာနဂါးလှေတော်နှင့်အရံလှေများဖြင့်  အန္တရာယ် ကင်းရှင်းစွာပြုလုပ်နိုင်ရန်အတွက် ငွေနန်းသာရီ ရိုးရာနဂါးလှေတော်ကို စက်တင်ဘာ လ(၂၁)ရက်နေ့ နံနက်(၉) နာရီအချိန် ၎င်းလှေရုံမှတစ်ဆင့် မြစ်ရေပြင်ထဲသို့ ရေချမင်္ဂလာပြုလုပ် ပြီး လေ့ကျင့်လှော်ခတ်မှု၊ စမ်းသပ်လှော်ခတ်မှုများနှင့် အစမ်းလေ့ကျင့်မှုများ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဘဝနတ်ထံပျံလွန်တော်မူသော ဆရာတော်ဘဒ္ဒန္တအရှင်ပညာဒပ အားရည်မှန်း၍ (၇)ရက် မြောက်နေ့ဖြစ်သော ၁၃၈၃- ခုနှစ်၊တော်သလင်းလပြည့်ကျော်(၄)ရက်(တနင်္သာရီမြို့၏ ခေါသရပ် ရိုးရာပွဲတော်နေ့)  စက်တင်ဘာလ(၂၄)ရက်နေ့ နံနက်၉နာရီအချိန်၌ ချောင်းကြီးကျောင်းတိုက် ဓမ္မဗိမာန်တော်အတွင်း ရေစက်ချတရားနာ နေ့ဆွမ်းလှူဒါန်းမည်ဖြစ်ပြီး၊  မွန်းတည့်(၁၂)နာရီ အချိန်တွင် ဆရာတော်ဘုရား၏အရိုးပြာအိုးများကို တနင်္သာရီရိုးရာ ငွေနန်းသာရီနဂါးလှေတော် ဖြင့်တင် ဆောင်၍ တနင်္သာရီမြစ်ရေပြင်အတွင်း လက်ယာရစ်လှည့်ပတ်ပြီး ရှေးဟောင်း နဝဒတ် စေတီတော်အား ဦးခိုက်ပူဇော်၍ တနင်္ဿာရီမြစ်ဆုံ(ချောင်းကြီးမြစ်နှင့် ချောင်ငယ်မြစ်ဆုံ)နေရာတွင် ဥဒကရေချဈာပနမင်္ဂလာအခမ်းအနားကို ကျန်းမာရေး ဝန်ကြီးဌာန ၏ ကိုဗစ်-၁၉ လမ်းညွှန် ချက်များနှင့်အညီ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ တနင်္သာရီရိုးရာ နဂါးလှေတော်များဖြစ်သည့် ရွှေနန်းသာရီနဂါးလှေတော်၊ ငွေနန်းသာရီ နဂါးလှေတော်၊ လယ်သစ် ကျေးရွာအုပ်စုမှ စိန်ပန်းသွယ်၊ ပတ္တမြားသွယ်၊ ရန်ကြီးအောင်နှင့်မြကြီးအောင် စသည့် နဂါးလှေတော်(၆)စီးဖြင့် ရိုးရာနဂါးလှေ သဘင်ပွဲတော်ကိုနှစ်စဉ်ကျင်းပရန်အဆိုပါသက်တော်ရှည်ဆရာတော် ဘဒ္ဒန္တအရှင် ပညာဒပ ကိုယ်တိုင် ဦးဆောင်ဦးရွက်ကြိုးပမ်း မှုနှင့်အတူ နဂါးလှေတော်ရိုးရာကို ထိန်းသိမ်းလာခဲ့ခြင်းဖြစ်သဖြင့် ဆရာတော်ဘုရားကြီး၏ ဩဝါအရ၎င်းနဂါးလှေတော်များကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော်(၄)ရက်နေ့တွင် ရိုးရာလှေသဘင်ပွဲတော်ကျင်းပရန် တစ်နှစ်လျှင်တစ်ကြိမ်သာ မြစ်ရေပြင် သို့ချလေ့ရှိရာ ယခုအခါဆရာတော်ကြီး၏ အရိုးပြာအိုးများကို ဥဒကရေချ ဈာပနအခမ်းအနားကျင်းပနိုင်ရန် ရေချမင်္ဂလာ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။     

 

နန်းသာရီ-ထိန်ဝင်း